close

လက်ယက်ကုန်းရွာ စာသင်ကျောင်း အကြမ်းဖက်ပစ်ခတ်မှုတွင် ဒဏ်ရာရခဲ့သည့် ကလေးများကို စစ်ကောင်စီက မိဘထံပြန်အပ်ရန် စီစဉ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အသက်မသေဘဲ ဒဏ်ရာရခဲ့တဲ့ ကလေးငယ် ၇ ယောက်ကို မိဘတွေဆီ အခမ်းအနားနဲ့ ပြန်အပ်ဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။ 

လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းပစ်ခတ်မှုမှာ ဒဏ်ရာရထားတဲ့ ကလေးငယ် ၇ ယောက်ထဲက ၆ ယောက်ကို စစ်ကောင်စီက ရေဦးတိုင်းရင်းဆေးရုံမှာ ဆေးကုသပေးနေတာဖြစ်ပြီး ပေါင်ကိုကျည်ထိမှန်တဲ့ကလေးတစ်ယောက်က ဒဏ်ရာမသက်သာတဲ့အတွက် မုံရွာ အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဆေးရုံကို လွှဲပြောင်းကုသပေးနေပါတယ်။

ကလေးမိဘတွေကို စစ်ကောင်စီက လာရောက်တွေ့ဆုံတာတွေရှိခဲ့ပြီး အခမ်းအနားနဲ့ပြန်အပ်မယ့် သဘောပြောဆိုခဲ့တယ်လို့ ဒီပဲယင်း PDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။

ဒီပဲယင်း PDF ခေါင်းဆောင်တစ်ဦး "ကျောင်းသားတွေနဲ့သွားတွေ့တယ်ပြောတယ်။ ကြားရတဲ့ပုံစံက မိဘတွေကို တခမ်းတနားအပ်မယ့်ပုံစံရှိတယ်။ အခမ်းအနားနဲ့အပ်မှာ။ သူတို့လုပ်ဇာတ်ပေါ့ဗျာ။ တိုင်းရင်းဆေးရုံမှာ လက်ရှိကကျောင်းသားကလေးက ၇ ယောက်ပဲရှိတာ။ ပေါင်မှန်တဲ့သူကတော့ မသက်သာလို့ မုံရွာ နမခ ဆေးရုံကိုသွားပို့ထားရတယ်။ ကျွန်တော်အတိအကျသိရတာ။"

လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက်နေ့မှာ မြေပြင်တပ်တွေကရော လေကြောင်းကနေပါ အကြမ်းဖက် ပစ်ခတ်တိုက် ခိုက်ခဲ့တာကြောင့် ကလေးငယ် ၇ ဦးအပါအဝင် စုစုပေါင်း ၁၃  ယောက်ကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရထားတဲ့ ကလေးတွေနဲ့ ဆရာ၊ ဆရာမ ၁၁ ယောက်ကို စစ်တပ်က ဖမ်းဆီးထားတာ တလလောက်အကြာမှာ ကလေး ၇ ယောက်ရဲ့သတင်းပြန်လည်ထွက်ပေါ်လာတာပါ။ ကျန်တဲ့ ဆရာ၊ ဆရာမ အပါအဝင် ၄ ယောက်ကတော့ သတင်းအစနပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

လက်ယက်ကုန်းရွာခံတစ်ဦး "ကလေးသေတာ ၁၈ နှစ်အောက် KG တန်းအပါအဝင် ၇ ယောက်။ လူကြီးက ၅ ယောက် အဲ့ဒီနေ့မနက်ကပဲဗျ။ တစ်နာရီဝန်းကျင်မှာ အကုန်သေသွားတာ။ ဆေးကုပေးပြီးတော့ ကျန်ရစ်တဲ့ကလေးက ၇ ယောက်။ ဆေးရုံတွေဘာတွေကြတော့ မိဘတွေကို အတိအကျသူတို့က မပြောဘူး။ ဘယ်အဖွဲ့အစည်းမှလည်းမပြောဘူး။ ရေဦးမှာရှိတယ်လို့ပဲ သတင်းရတယ်။ တော်တော့်ကိုယုတ်မာတဲ့လုပ်ရပ်။ ကျန်တဲ့သူ ဘယ်လိုပဲခံစားရ ခံစားရ အဲ့ဒါတွေလည်းထည့်မတွက်ဘူး သူတို့လုပ်ချင်တာ စွတ်လုပ်တယ်။ မိဘတွေက ရူးနေတယ်။"

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းတိုက်ခိုက်ခံရတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အပါအဝင် နိုင်ငံတကာက စစ်ကောင်စီကို  ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး ကျုးလွန်တဲ့သူတွေ တာဝန်ခံမှုရှိအောင် လုပ်ဆောင်ရမယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူကတော့ လက်ယက်ကုန်းကျေးရွာမှာ ကေအိုင်အေနဲ့ PDF တွေ ရှိနေလို့ လေကြောင်းကနေ တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။

လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကိုင်းတိုင်းထဲက မိဘတွေဟာ သားသမီးတွေကို ကျောင်းပို့ဖို့ စိုးရိမ်ခဲ့ကြပြီး ကျောင်းတွေမှာ ကျည်ကွယ် မျက်ကွယ်ဖြစ်အောင် ကတုတ်ကျင်းတွေတူးပြီး အဆင်သင့်ပြင်ထားရတယ်လို့ စာသင်ပေးနေတဲ့ ဒေသခံ CDM ကျောင်းဆရာတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up