စပိန်ကွင်းလယ်လူ ဘူးစကွက်စ်ဟာ နိုင်ငံ့လက်ရွေးစင်အသင်းကနေ အနားယူကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
အသက် ၃၄ နှစ်ရှိ ဘာစီလိုနာကွင်းလယ်လူဟာ စပိန်းအသင်းမှာ ၁၅ နှစ်ကျော် ကြာကစားခဲ့သူပါ။ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ယူရို၂၀၁၂ ချန်ပီယံဆုဖလားတွေရယူနိုင်ခဲ့ပြီး စပိန်အသင်းအတွက်ပွဲပေါင်း ၁၄၃ ပွဲ ကစားပေးခဲ့ပါတယ်။
နိုင်ငံအသင်းနဲ့အတူ ၁၅ နှစ်နီးပါးအချိန်အတွင်း ၁၄၃ ပွဲကစားခဲ့ပြီးနောက် လက်ရှိအချိန်မှာ နှုတ်ဆက်လမ်းခွဲဖို့ အချိန်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဘူးစ်ကွက်စ်က ပြောပါတယ်။
စပိန်အသင်းကိုအောင်မြင်မှုတွေရယူပေးခဲ့ပြီး စပိန်အသင်းအတွက် ကိုယ်စားပြုကစားခဲ့ရတာက ဂုဏ်ယူစရာကောင်းခဲ့တယ်လို့လည်းပြောပါတယ်။ ဘူးစကွက်စ်ဟာ ဘာစီလိုနာမှာလည်း ၁၄ နှစ်ကြာကစားခဲ့ပြီး ကစားသမားဘဝကနေ အနားယူဖို့တော့ မရှိသေးဘူးလို့ သိရပါတယ်။
မန်ယူနိုက်တက်ကစားသမား ဂျေဒန်ဆန်ချိုရဲ့ ခြေစွမ်းဟာ လက်ရွေးစင်အသင်းမပါဝင်သင့် ကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကဝန်ခံ ပြောလိုက်ပါတယ်။
ဆန်ချိုဟာ ဒေါ့မွန်ကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့လာပြီးနောက်ပိုင်း မှာခြေစွမ်းပြဖို့ရုန်းကန်နေရတာပါ။
ဒါပေမဲ့ အခုတစ်ပတ်မှာ ကစားကြမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းလူစာရင်းထုတ်ပြန်ရာမှာတော့ နည်းပြ ဆောက်ဂိတ်က ဆန်ချိုကို ဆက်ပြီးရွေးချယ်ခဲ့တာဖြစ်ပါတယ်။
"သူပြသခဲ့တဲ့ခြေစွမ်းအရ ရွေးချယ်ခံရဖို့ ထိုက်တန်သလားဆိုရင်တော့ ဟုတ်ပါတယ်။ မထိုက်တန်ဘူးဆိုတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာသူ့ကို အချိန်အတော်များများပေးပြီး ပြုစုပျိုးထောင်လာခဲ့တာပါ။ သူ့အနေနဲ့ အမြင့်မားဆုံးခြေစွမ်းကို ပြန်ရလိမ့်မယ်လို့ ယုံကြည်တယ်” လို့ နည်းပြဆောက်ဂိတ်က ပြောခဲ့တာပါ။
ဆန်ချိုအတွက်လည်း အသင်းက သူ့ကိုယုံကြည်မှုရှိနေဆဲဆိုတာကို ပြသတာဖြစ်ပြီး အကောင်းဆုံး ဖြေရှင်းမှုတစ်ခုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆောက်ဂိတ်ကပြောပါတယ်။
ဆောက်ဂိတ်ဟာ ယူနိုက်တက်မှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ကို ချန်လှပ်ခဲ့သလို ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကိုလည်း အနားပေးခဲ့ပါတယ်။