လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီမှာ ပြိုင်ဘက်အုပ်စုနှစ်စုအကြား သြဂုတ် ၂၇ ရက်က ၂ နှစ်အတွင်း အဆိုးဝါးဆုံးတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ထရီပိုလီမြို့တော် အခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ (GNU)နဲ့ နိုင်ငံအရှေ့ပိုင်းမှာ အခြေစိုက်ထားတဲ့ လွှတ်တော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဖှာသီဘာရှာဂါ လက်အောက်က စင်ပြိုင်အစိုးရတို့ကြား အာဏာလုရင်း လချီ အာဏာလွန်ဆွဲနေခဲ့ပါတယ်။
ဒီနှစ်ဖွဲ့ အာဏာရယူဖို့ မြို့တော်အတွင်း လှုပ်ရှားဖို့ ကြိုးစားခဲ့ရာက ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာတယ်လို့ မြို့ခံမျက်မြင်တွေ့သူတွေက ပြောပါတယ်။
တိုက်ပွဲမှာ လူ ၁၂ ဦး သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရခဲ့တယ်လို့ လစ်ဗျားကျန်းမာရေး ဝန်ကြီးဌာနက ပဏာမ ထုတ်ပြန်ခဲ့ပေမယ့် အရပ်သား ဒါမှမဟုတ် တိုက်ခိုက်ရေးသမား ဘယ်လောက် ပါတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို မထုတ်ပြန်ခဲ့ပါဘူး။
ထရီပိုလီရဲ့ အဓိကအုပ်စုတွေထဲက တဖွဲ့က နောက်တဖွဲ့တပ်စွဲထားတဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့လို့ ညလုံးပေါက် တိုက်ပွဲဖြစ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီတိုက်ပွဲကြောင့် ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေ နာရီချီ ထွက်ပေါ်ခဲ့ပါတယ်။ လက်နက်ငယ်တွေ စက်သေနတ်တွေ၊ မော်တာတွေနဲ့ မြို့လယ်ပိုင်း ဒေသအသီးသီးမှာ ပစ်ခတ်နေလို့ စနေ မနက်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့တာပါ။ မြို့တော် ထရီပိုလီရဲ့ မိုးမျှော်တိုက်တွေမှာ မီးခိုးနက်တွေ အူထွက်နေသလို လေထဲမှာလဲ ပေါက်ကွဲသံတွေ ပဲ့တင်ထပ်နေတယ်လို့ ရိုက်တာ သတင်းမှာ ရေးသားဖော်ပြပါတယ်။
မြို့ထဲမှာ ဖြစ်နေတဲ့ အခုတိုက်ပွဲဟာ လစ်ဗျားကို တင်းပြည့်ကျပ်ပြည့် စစ်ပွဲထဲ ပြန်ကျသွားစေလိမ့်မယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ပြည်လုံးကျွတ် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရည်မှန်းထားတဲ့ နိုင်ငံရေး ဖြစ်စဉ်အတွက် ကျန်ခဲ့တဲ့ ၂ နှစ်အတွင်း ခါတိုင်းထက်စာရင် ငြိမ်းချမ်းခဲ့သေးတာပါ။
လစ်ဗျားနိုင်ငံ၊ တော့ဘာခ်မြို့မှာ ဇူလိုင် ၁ ရက်နေ့က ဆန္ဒပြသမားတွေက လွှတ်တော်ရှေ့ကို ဝင်ရောက်မီးရှို့ခဲ့ကြပါတယ်။
လစ်ဗျားနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေကို ဒေါသထွက်နေတဲ့ ဆန္ဒပြသမားတွေ လွှတ်တော်ထဲ မီးဝင်ရှို့တာကို လုံခြုံရေး တပ်ဖွဲ့တွေက တားဆီးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
လူမှုကွန်ယက်မီဒီယာပေါ်မှာ တွေ့ရတဲ့ ဗီဒီယိုတခုမှာတော့ ဆန္ဒပြသမားတွေဟာ မီးလောင်နေတဲ့ ပါလီမန်လွှတ်တော် အဆောက်အအုံရှေ့မှာ ပြေးလွှားနေတာ၊ မီးတောက်ထဲကို ကျောက်ခဲတွေ ပစ်ပေါက်နေတာ တွေ့ရပါတယ်။
ဆန္ဒပြပွဲတွေဟာမနေ့က တော့ဘာခ်မြို့၊ ဘန်ဂါဇီမြို့ အပါအဝင် တခြား မြို့ငယ်တွေမှာ တပြိုင်တည်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
လစ်ဗျားနိုင်ငံမှာ ၂၀၁၁ ခုနှစ် ကဒါဖီ အစိုးရကို ဖြုတ်ချပြီးကတည်းက နိုင်ငံရေး မငြိမ်မသက်မှုတွေ ပေါ်ပေါက်နေတာပါ။
၂၀၁၄ ခုနှစ်မှာ နိုင်ငံ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဆိုပြီး နှစ်ခြမ်းကွဲသွားခဲ့ပြီး စစ်ဖြစ်နေတဲ့ နှစ်ဖက်ကို ပြန်ပေါင်းစည်းနိုင်ဖို့အတွက် ၂၀၂၀ အစမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ခဲ့ပါတယ်။
ဒါပေမဲ့ မနှစ် ဒီဇင်ဘာတုန်းက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ဘဲ ကြားဖြတ် ညီညွတ်ရေးအစိုးရ သက်တမ်းကုန်ခဲ့လို့ နိုင်ငံအရှေ့ခြမ်းလွှတ်တော်ဟာ အစိုးရခေါင်းဆောင်ပိုင်းကို အသစ်ခန့်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။