close

လစ်ဗျားနိုင်ငံ လွှတ်တော်ရှေ့ မီးရှို့ဆန္ဒပြ

လစ်ဗျားနိုင်ငံ၊ တော့ဘာခ်မြို့မှာ ဇူလိုင် ၁ ရက်နေ့က ဆန္ဒပြသမားတွေက လွှတ်တော်ရှေ့ကို ဝင်ရောက်မီးရှို့ခဲ့ကြပါတယ်။ 

လစ်ဗျားနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေကို ဒေါသထွက်နေတဲ့ ဆန္ဒပြသမားတွေ လွှတ်တော်ထဲ မီးဝင်ရှို့တာကို လုံခြုံရေး တပ်ဖွဲ့တွေက တားဆီးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လူမှုကွန်ယက်မီဒီယာပေါ်မှာ တွေ့ရတဲ့ ဗီဒီယိုတခုမှာတော့ ဆန္ဒပြသမားတွေဟာ မီးလောင်နေတဲ့ ပါလီမန်လွှတ်တော် အဆောက်အအုံရှေ့မှာ ပြေးလွှားနေတာ၊ မီးတောက်ထဲကို ကျောက်ခဲတွေ ပစ်ပေါက်နေတာ တွေ့ရပါတယ်။

ဆန္ဒပြပွဲတွေဟာမနေ့က တော့ဘာခ်မြို့၊ ဘန်ဂါဇီမြို့ အပါအဝင် တခြား မြို့ငယ်တွေမှာ တပြိုင်တည်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံမှာ ၂၀၁၁ ခုနှစ်  ကဒါဖီ အစိုးရကို ဖြုတ်ချပြီးကတည်းက နိုင်ငံရေး မငြိမ်မသက်မှုတွေ ပေါ်ပေါက်နေတာပါ။

၂၀၁၄ ခုနှစ်မှာ နိုင်ငံ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဆိုပြီး နှစ်ခြမ်းကွဲသွားခဲ့ပြီး စစ်ဖြစ်နေတဲ့ နှစ်ဖက်ကို ပြန်ပေါင်းစည်းနိုင်ဖို့အတွက် ၂၀၂၀ အစမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ခဲ့ပါတယ်။ 

ဒါပေမဲ့ မနှစ် ဒီဇင်ဘာတုန်းက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ဘဲ ကြားဖြတ် ညီညွတ်ရေးအစိုးရ သက်တမ်းကုန်ခဲ့လို့ နိုင်ငံအရှေ့ခြမ်းလွှတ်တော်ဟာ အစိုးရခေါင်းဆောင်ပိုင်းကို အသစ်ခန့်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

//
Up