လစ်သူယေးနီးယားနိုင်ငံနဲ့ လတ်ဗီးယားကို ဆက်သွယ်ထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတခု ဇန်နဝါရီ ၁၃ ရက်မှာ ပေါက်ကွဲပြီး မီးတောက်တွေဟာ လေထုထဲကို ပေ ၁၆၀ လောက်အထိ မြင့်တက်သွားတာကို မျက်မြင်သက်သေရိုက်ကူးထားတဲ့ ဗီဒီယို ရုပ်သံမှာ မြင်တွေ့ရပါတယ်။
လစ်သူယေးနီးယားနိုင်ငံမြောက်ပိုင်းရှိ ပန်းန်ဗစ်ဇ်ခရိုင်ရှိ ပိုက်လိုင်း ပေါက်ကွဲ မီးလောင်မှုကို အနည်းဆုံး ၁၁ မိုင် အကွာအဝေးကနေ မြင်တွေ့နိုင်ကြောင်း လစ်သူယေးနီးယားရဲ့ အများပိုင် ရုပ်သံလွှင့်ဌာန LRT က ကြေညာပါတယ်။
ဒီဖြစ်ရပ်အတွက် တိုက်ခိုက်မှုဖြစ်ကြောင်း အထောက်အထား မတွေ့ရှိရဘူးလို့ လစ်သူယေးနီးယား ဓာတ်ငွေ့ပို့လွှတ်ရေး အော်ပရေတာ Amber Grid က ပြောပါတယ်။
မီးကိုငြှိမ်းသတ်ခဲ့တယ်လို့ လစ်သူယေးနီးယား ပိုက်လိုင်းဂရစ် အော်ပရေတာရဲ့ အမှုဆောင်အရာရှိချုပ် နီမူနာ့စ် ဘစ်ခ်နီးယပ်စ်က ပြောပါတယ်။
ဓာတ်ငွေ့ထောက်ပံ့မှုလည်း ပြတ်တောက်သွားခဲ့ပေမဲ့ Amber Grid ရဲ့ စီအီးအိုကတော့ ပေါက်ကွဲမှုကြောင့် လစ်သူယေးနီးယားကနေ လတ်ဗီးယားကို ဓာတ်ငွေ့ပို့တဲ့ အပြိုင်ပိုက်လိုင်း ၂ ခုထဲက ၁ ခု ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
Amber Grid ကတော့ ထိခိုက်မှုမရှိတဲ့ ပိုက်လိုင်းကို အသုံးပြုပြီး ဓာတ်ငွေ့ထောက်ပံ့မှုကို ပြန်ရအောင်လုပ်ဖို့ စီစဉ်ထားပါတယ်။
ပိုက်လိုင်းပေါက်ကွဲမှုနဲ့ မီးလောင်မှုဟာ သူ့နောက်ကွယ်မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက် ကြောင့် ဖြစ်နိုင်ခြေရှိကြောင်း တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၃ ရက်မှာ ပြောကြားခဲ့ပြီး ဖြစ်နိုင်တဲ့ အကြောင်းရင်းအားလုံးကို စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ပိုက်လိုင်းဟာ သက်တမ်း အနှစ် ၄၀ လောက်ရှိပြီး နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုက ဖြစ်နိုင်ခြေ အရှိဆုံး အကြောင်းရင်းဖြစ်ကြောင်း လစ်သူယေးနီးယားနိုင်ငံရဲ့ အကျပ်အတည်း စီမံခန့်ခွဲမှုစင်တာ ရဲ့ ဒါရိုက်တာက ပြောကြားခဲ့ပါတယ်။
ယူကရိန်းအစိုးရဟာ လစ်သူယေးနီးယားနိုင်ငံကနေ စတင်ဂါလေယာဉ်ပစ် ဒုံးကျည်တွေကို ဖေဖော်ဝါရီ ၁၃ ရက်က လက်ခံ ရရှိခဲ့ပါတယ်။
ယူကရိန်းနယ်စပ်နားမှာ ရုရှားစစ်သည်အင်အားတသိန်းကျော်ရောက်လာတာကြောင့် ယူကရိန်းနိုင်ငံက သူ့နိုင်ငံရဲ့ကာကွယ်ရေးကို အားဖြည့်ဖို့ လတ်တလော သီတင်းပတ်တွေအတွင်းမှာ နေတိုးမဟာမိတ်နိုင်ငံတွေဆီကနေ စစ်ရေးအကူအညီတွေ လေယာဉ်စီးလုံးလိုက် ရရှိနေပါတယ်။
ပေးပို့ထားတဲ့ လက်နက်တွေကို ယူကရိန်းက ဘယ်တော့မှ မသုံးရဖို့ မျှော်လင့်တယ်လို့ လစ်သူယေးနီးယားဝန်ကြီးချုပ်ဟာ ဒီအပတ်အစောပိုင်းက သူ့ရဲ့ ယူကရိန်းခရီးစဉ်အတွင်း ပြောခဲ့ပါတယ်။