close

လန်ဒန်

close

February 25, 2023

ကျူးကျော်စစ်တနှစ်ပြည့်အထိမ်းအမှတ် လန်ဒန်ရှိ လမ်းတခုကို ကိဗ်လမ်းမအမည်ပြောင်း

ရုရှားကျူးကျော်စစ် တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်၊ သောကြာနေ့မှာ ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်က လမ်းတခုကို ယူကရိန်းမြို့တော် နာမည်ဖြစ်တဲ့ ကိဗ်လမ်းမအဖြစ် အမည်ပြောင်းလဲလိုက်ပါတယ်။ 

နာမည်အသစ်ပေးထားတဲ့ ဒီလမ်းဟာ ဘေးစ်ဝါးတာလမ်းမကြီးရဲ့ လမ်းပိုင်းတခုမှာတည်ရှိပြီး ဒါဟာ လန်ဒန်မြို့ က ရုရှားသံရုံးအနီးမှာပါ။ 

ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးဖြစ်သူ ဗာဒိုင်း ပရီစတေကို တက်ရောက်လာတဲ့ လမ်းအမည်ပြောင်းအခမ်းအနားမှာ ကိဗ်လမ်းမ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို ပြောင်းလဲ တပ်ဆင်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၂၃ ရက်တုန်းကလည်း လူမှုပြောင်းလဲရေးကမ်းပိန်းအဖွဲ့တခုဖြစ်တဲ့ Led by Donkeys အဖွဲ့ဝင်တွေဟာ ရုရှားသံရုံးအရှေ့ကလမ်းပေါ်မှာ ယူကရိန်းအလံမှာပါဝင်တဲ့ အရောင်တွေအတိုင်း ခြယ်မှုန်းခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်မှာ ယူကရိန်းအပေါ် ကျူးကျော်စစ်စတင်ဖို့ အမိန့်ပေးခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ရုရှားလုံခြုံရေးကို ကာကွယ်နိုင်ဖို့ ဒီစစ်ပွဲဟာ မလွှဲမရှောင်သာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ဒီစစ်ရေး ပဋိပက္ခအတွင်း ယူကရိန်းပြည်သူ ထောင်နဲ့ချီသေဆုံးခဲ့ရသလို ၂ နိုင်ငံစလုံးက သောင်းနဲ့ချီ တဲ့ စစ်သားတွေလည်း အသက်ပေးဆပ်ခဲ့ရပါတယ်။ 

11 hours Ago

January 15, 2023

လန်ဒန်တွင် ဈာပနကျင်းပချိန် ပစ်ခတ်မှုဖြစ်၊ ၃ ဦး ဒဏ်ရာရ

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်ရှိ အသုဘဈာပနကျင်းပနေတဲ့ ခရစ်ယာန်ဘုရားကျောင်းအနီးမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အသက် ၄၈ နှစ်၊ ၅၄ နှစ်နဲ့ ၄၁ အရွယ် အမျိုးသမီးတွေနဲ့အတူ အသက် ၇ နှစ်အရွယ် မိန်ကလေးငယ်ကို ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

အသက် ၄၈ နှစ်အရွယ် အမျိုးသမီးကတော့ စိုးရိမ်ရတဲ့အလားအလာရှိပေမယ့် အားလုံးဟာ အသက်အန္တရာယ်ထိခိုက်စေနိုင်လောက်တဲ့ ဒဏ်ရာမျိုးရရှိခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ဘီဘီစီသတင်းဌာနရဲ့ ဗွီဒီယိုထဲမှာတော့ လန်ဒန်မြို့လယ်ရှိ ယူစတန်ရထားဘူတာရုံအနီးက အခင်းဖြစ်ပွားရာနေရာမှာ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရပါတယ်။ 

"အရေးတကြီး စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်း လုပ်ဆောင်နေပြီဖြစ်သလို ဖြစ်စဉ်အသေးစိတ် ကတော့ အခုချိန်ထိ ထွက်ပေါ်လာနေဆဲ အနေအထားမှာရှိပါတယ်။ ဒီ အစောပိုင်းအခြေအနေအရ ဖမ်းဆီးရမိမှုမရှိသေးပါဘူး" လို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။

"ဈာပနတခု ကျင်းပနေတဲ့ ခရစ်ယာန်ဘုရားကျောင်း ပတ်ဝန်းကျင်းနယ်မြေမှာ ဒီအခင်းဖြစ်ပွားခဲ့ တာပါ။ ကနဦးစုံစမ်းမေးမြန်းမှုတွေအရ သွားလာနေတဲ့ကားတစီးပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့ တာဖြစ်ပြီး ပြီးတော့ အဲ့ဒီနေရာကနေ မောင်းထွက်သွားတာ။" 

1 month Ago
Up