ကျူးကျော်စစ်တနှစ်ပြည့်အထိမ်းအမှတ် လန်ဒန်ရှိ လမ်းတခုကို ကိဗ်လမ်းမအမည်ပြောင်း

ရုရှားကျူးကျော်စစ် တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်၊ သောကြာနေ့မှာ ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်က လမ်းတခုကို ယူကရိန်းမြို့တော် နာမည်ဖြစ်တဲ့ ကိဗ်လမ်းမအဖြစ် အမည်ပြောင်းလဲလိုက်ပါတယ်။
နာမည်အသစ်ပေးထားတဲ့ ဒီလမ်းဟာ ဘေးစ်ဝါးတာလမ်းမကြီးရဲ့ လမ်းပိုင်းတခုမှာတည်ရှိပြီး ဒါဟာ လန်ဒန်မြို့ က ရုရှားသံရုံးအနီးမှာပါ။
ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးဖြစ်သူ ဗာဒိုင်း ပရီစတေကို တက်ရောက်လာတဲ့ လမ်းအမည်ပြောင်းအခမ်းအနားမှာ ကိဗ်လမ်းမ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို ပြောင်းလဲ တပ်ဆင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်တုန်းကလည်း လူမှုပြောင်းလဲရေးကမ်းပိန်းအဖွဲ့တခုဖြစ်တဲ့ Led by Donkeys အဖွဲ့ဝင်တွေဟာ ရုရှားသံရုံးအရှေ့ကလမ်းပေါ်မှာ ယူကရိန်းအလံမှာပါဝင်တဲ့ အရောင်တွေအတိုင်း ခြယ်မှုန်းခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းအပေါ် ကျူးကျော်စစ်စတင်ဖို့ အမိန့်ပေးခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ရုရှားလုံခြုံရေးကို ကာကွယ်နိုင်ဖို့ ဒီစစ်ပွဲဟာ မလွှဲမရှောင်သာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ဒီစစ်ရေး ပဋိပက္ခအတွင်း ယူကရိန်းပြည်သူ ထောင်နဲ့ချီသေဆုံးခဲ့ရသလို ၂ နိုင်ငံစလုံးက သောင်းနဲ့ချီ တဲ့ စစ်သားတွေလည်း အသက်ပေးဆပ်ခဲ့ရပါတယ်။