ဘုန်းမောက်နဲ့ပွဲမှာ တကျော့ပြန် ချဲလ်ဆီးနည်းပြဘ၀ ပထမဆုံးနိုင်ပွဲရခဲ့တဲ့အပေါ်မှာ ကစားသမား တွေအနေနဲ့ စိတ်ကြိုက်ပျော်ရွှင်သင့်ကြောင်း နည်းပြ လမ်းပတ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ နည်းပြလမ်းပတ်တာဝန်ယူခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်ကနေ စတင်ပြီး ဘုန်းမောက်နဲ့ ပွဲမတိုင်ခင်အထိ ခြောက်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ။
ဘုန်းမောက်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက်မှာတော့ အဲဒီလို နိုင်ပွဲအရသာကို မခံစားရတာ အတော်အသင့်ကြာနေပြီဖြစ်လို့ ကစားသမားတွေအနေနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်အောင်ပွဲခံသင့်ကြောင့် နည်းပြ လမ်းပတ်က တိုက်တွန်းခဲ့တာပါ။
ဒီနိုင်ပွဲဟာ ရှေ့ဆက်လျှောက်ဖို့အတွက် သေးငယ်တဲ့ခြေလှမ်းတစ်ခုဖြစ်ပြီး ရာသီကုန်တဲ့အထိ နိုင်ပွဲတွေ ရယူနိုင်ဖို့ အရေးကြီးကြောင်း နည်းပြလမ်းပတ်က ပြောပါတယ်။
နည်းပြအလုပ်ဟာ လမ်းပတ်နဲ့ အဆင်မပြေကြောင်း ချဲလ်ဆီးအသင်းပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ ဝေဖန်နေကြပါတယ်။
ချဲလ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် တကျော့ပြန်ရောက်ရှိလာတဲ့ အသင်းဂန္ထဝင်ကစားသမား လမ်းပတ်ဟာ သူကိုင်တွယ်ခဲ့တဲ့ပွဲစဉ် ၅ ပွဲစလုံး ရှုံးနိမ့်ခဲ့ရတာပါ။
လမ်းပတ်ဟာ အဲဗာတန်အသင်းမှာကတည်းက ရလဒ်တွေဆိုးရွားလာခဲ့တာဖြစ်ပြီး သူ့ရဲ့နည်းပြဘဝ နောက်ဆုံး ၁၉ ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး ၂ ပွဲသရေ၊ ၁၆ ပွဲရှုံးနိမ့်ခဲ့တာပါ။
Red Rose လို့ အမည်ပေးထားတဲ့ ချဲလ်ဆီးပရိသတ်တစ်ဦးကတော့ ဖရန့်လမ်းပတ်ရဲ့ ရှုံးပွဲဆက်မှုတွေဟာ အလွန်ဆိုးရွားလွန်းတာကြောင့် ရုပ်သံတွေမှာ ပွဲသုံးသပ်တင်ဆက်သူအဖြစ် ပြန်လည်လုပ်ကိုသင့်ကြောင်း၊ နည်းပြအလုပ်ဟာ လမ်းပတ်အတွက်မဟုတ်ကြောင်း ဝေဖန်ခဲ့တာပါ။
နောက်ထပ်ချဲလ်ဆီးပရိသတ်တစ်ဦးကလည်း အဲဗာတန်အသင်းမှာကတည်းက ၃၆ ဂိုးပေးရပြီး ၈ ဂိုးသာသွင်းယူနိုင်ခဲ့လို့ အဆင့် ၁၉ မှာ ကျန်ရစ်ခဲ့ရပြီး ချဲလ်ဆီးအသင်းကိုလည်း အဆင့်၁၁ ဆီတွန်းပို့ခဲ့ကာ နည်းပြအလုပ်ဟာ လမ်းပတ်အတွက် အဆင်မပြေကြောင်း ဝေဖန်ခဲ့ပါတယ်။