ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ပျက်စီးနေတဲ့ ကျေးရွာလမ်းပိုင်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းခင်းပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ပျက်စီးနေတဲ့ ကျေးရွာလမ်းမကြီးကို အများပြည်သူတွေ သွားရေးလာရေး အဆင်ပြေချောမွေ့စေဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဒီးမော့ဆို (DMO - Local PDF) တပ်ဖွဲ့က သဲနဲ့ ကျောက်များခင်းကာ ပြန်လည်ပြုပြင်ပေးခဲ့တာပါ။
ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက “လမ်းက တော်တော်ဆိုးပါတယ်။ ကားတွေ ဆိုင်ကယ်တွေ ခနခနမှောက်တယ်။ လမ်းကျောက အရမ်းကျဉ်းတော့ ယာဉ်တစီးနဲ့ တစီး ရှောင်တဲ့နေရာမှာ မလွတ်တော့ အင်ဂျင်ပိုင်းထိတာတွေ ဖြစ်တယ်။ ကျနော်တို့မှာလည်း ရန်ပုံငွေကနည်းတော့ အကောင်းကြီးဖြစ်အောင်တော့ မပြင်နိုင်ဘူးဗျ။ ပြည်သူတွေ ထောက်ပံ့ထားတဲ့ ငွေတချို့နဲ့ သဲ၊ ကျောက်၊ ဘိလပ်မြေ လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီး လမ်းခင်းခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါလမ်းပိုင်းကို ဒီးမော့ဆိုအတွင်းက စစ်ဘေးရှောင်ပြည်သူတွေ အဓိက အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကာလ ၂ နှစ်နီးပါး ကြာမြင့်နေပြီး စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ရှောင်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO - Local PDF) က ဆန်နဲ့ တခြား ထောက်ပံ့ပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ မိုင်းခွဲခဲ့လို့ ပျက်စီးသွားတဲ့ လည်ငေါက်-ယင်းမာပင် လမ်းပိုင်းနေရာကို ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက ဆရာစံ YMB-PDF ရဲဘော်တွေက ပြုပြင်ခဲ့ပါတယ်။
စစ်ကောင်စီယာဉ်တန်းတွေ ဖြတ်သန်းသွားလာခဲ့တဲ့အချိန်တုန်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ လည်ငေါက် - ယင်းမာပင်လမ်းပိုင်းကို အများပြည်သူတွေ သွားလာလို့ အဆင်ပြေစေဖို့ သဲနဲ့ ကျောက်တွေ ခင်းပြီး ပြုပြင်ခဲ့တာလို့ ဆရာစံ YMB-PDF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်က လူအင်အား ၃၀ လောက်နဲ့ လမ်းကိုပြန်လည်ပြုပြင်ခဲ့ကြတာဖြစ်ကာ လမ်းခင်းရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း ရပ်ဝေးက အလှူရှင်တွေက အကူအညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၆ ရက်ကလည်း လည်ငေါက်-ယင်းမာပင် လမ်းကြားကို ဖြန့်တက်လာတဲ့ စစ်ကောင်စီ တပ်တွေနဲ့ ဆရာစံ YMB -PDF တပ်တွေ မိနစ်အနည်းကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။