မက္ကဆီကိုပြည်သူ့လုံခြုံရေးဝန်ကြီးဟောင်းလည်းဖြစ် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး တာဝန်ခံတဦးဖြစ်တဲ့ ဂါစီယာ လူနာဟာ နာမည်ဆိုးနဲ့ကျော်စောတဲ့ ဆီနာလိုအာ မူးယစ်ရာဇဝတ်ဂိုဏ်းကနေ ဒေါ်လာသန်းပေါင်းများစွာကို လာဘ်ယူမှုနဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြစ်ဒဏ် ချမှတ်ခံရပါတယ်။
ဂါစီယာလူနာဟာ မူးယစ်ဘုရင် ဟွာကင်န်အယ်လ်ချာပိုဂုဇ်မန်း ဦးစီးတဲ့ မူးယစ်ဂိုဏ်းကနေ လာဘ်ငွေတွေယူခဲ့ပြီး အလဲအလှယ်အနေနဲ့ ဖမ်းဆီးခံရတာကနေ အကာအကွယ်ပေးတာ၊ ကိုကင်းတင်ပို့ဖို့ ဘေးကင်းတဲ့လမ်းကြောင်းတွေနဲ့ ဖြစ်လာမယ့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကြိုတင်အသိပေးချက်တွေ ပြန်လုပ်ဆောင်ပေးခဲ့တာဖြစ်ကြောင်း နယူးယောက်မြို့ရှိ ဘရွတ်ကလင်ရပ်ကွက်မှ ဖက်ဒရယ်ရှေ့နေတွေက ပြောပါတယ်။
ဂျူရီလူကြီးတွေဟာ သူ့ကိုစွဲထားတဲ့ ပြစ်မှု ၅ မှုစလုံးမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ၄ ပတ်ကြာ ရုံးတင်စစ်ဆေးမှုအတွင်း တရားသူကြီးတွေဟာ ဂါစီယာ လူနာ လက်ခံရရှိခဲ့တဲ့ လာဘ်ငွေတွေအကြောင်းကို တရားလိုရှေ့နေတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တဲ့ ပြစ်ဒဏ်ကျ မူးယစ်ဂိုဏ်းသား ၉ ဦးဆီကနေ သက်သေခံချက်တွေကို ကြားသိခဲ့ရပါတယ်။
ဆီနာလိုအာ မူးယစ်ဂိုဏ်းဟာ ဂါစီယာ လူနာရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ မူးယစ်ဆေးဝါး တင်ပို့နိုင်ခြင်းမရှိကြောင်း အစိုးရရှေ့နေ စရီသာ ကိုမာတီရတ်ဒီက တရားသူကြီးတွေကို ပြောကြားခဲ့ပါတယ်။
ရာထူးကထွက်ပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ဂါစီယာ လူနာကတော့ သူ အပြစ်မကျူးလွန်ထားကြောင်း ငြင်းဆိုထားပါတယ်။
သူဟာ ဇွန်လ ၂၇ ရက် စီရင်ချက်ချခံရချိန်မှာ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ နဲ့ ကျန်ဘဝ တသက်တာအထိ ပြစ်ဒဏ်ရင်ဆိုင်ရနိုင်ပါတယ်။
တရားခံရှေ့နေ ဆီဇာဒီကက်စ်ထရိုကတော့ သူ့အမှုသည် ဂါစီယာလူနာရဲ့ နာမည်ကောင်းကို ရှင်းလင်းဖို့ သူတတ်နိုင်သမျှ ဆက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
အသက် ၅၄ နှစ်အရွယ် ဂါစီယာလူနာဟာ မက္ကဆီကို သမ္မတဟောင်း ဖိလစ်ပီ ကယ်လ်ဒါရွန် လက်ထက်က မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းမှုမှာ အမေရိကန်မူးယစ်နှိမ်နင်းရေးနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ အနီးကပ် လုပ်ဆောင်ခဲ့ပါတယ်။
ဂါစီယာလူနာ အဖမ်းခံရပြီးနောက် သမ္မတဟောင်း ကယ်လ်ဒါရွန်က သူ့ရဲ့ လုံခြုံရေးဝန်ကြီးဟောင်းက ဒီလိုတွေပြုမူခဲ့တာကို သတိမထားမိကြောင်း ပြောခဲ့ပြီး သူဟာ ရာဇဝတ်ကောင်တွေနဲ့ ဘာညှိနှိုင်းမှုမှ မလုပ်ဆောင်ခဲ့ဘူးလို့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
ထိုင်းအမျိုးသားဥယျာဉ်နဲ့ သဘာဝဘေးမဲ့တောဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် နိုင်းရတ်ချ်ဒါး ဆူရီယကွန်းကို ဘတ်ငွေ ၅ သန်းနီးပါး လာဘ်စားမှုနဲ့ ဒီဇင်ဘာ ၂၇ ရက် မနက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
သာမန်အရပ်သားလို ဝတ်ဆင်ထားတဲ့ ထိုင်းအစိုးရဝန်ထမ်းများလာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့၊ ထိုင်းအမျိုးသားဒုစရိုက်မှုနှိမ်နင်းရေးအဖွဲ့က အဖွဲ့ဝင်တချို့နဲ့ တိုင်ကြားသူတို့ဟာ မနေ့ မနက် ၉ နာရီလောက်က နှစ်သစ်ကူးလက်ဆောင်ပန်းခြင်း၊ ငွေထည့်ထားတဲ့စာအိတ် ၃ အိတ်နဲ့အတူ ညွှန်ချုပ် ရတ်ချ်ဒါးရဲ့ ရုံးခန်းကို လာရောက်ပေးအပ်ခဲ့ပါတယ်။
ညွှန်ချုပ်က တံစိုးလက်ဆောင်တွေ လက်ခံရယူပြီးတဲ့အခါမှာ အဆောက်အဦရဲ့ ထောင့်အသီးသီးမှာ ပုန်းအောင်းနေတဲ့ရဲတွေ၊ လာဘ်စားမှုတိုက်ဖျက်ရေးဌာန ယူနီဖောင်းဝတ်တွေ ရုံးခန်းထဲ ဝင်ရောက်လာပြီး ပန်းခြင်းထဲက စာအိတ်တွေရော၊ ရုံးခန်းထဲက အံဆွဲတွေ၊ မီးခံသေတ္တာတွေပါ မွှေနှောက်ရှာဖွေစစ်ဆေးခဲ့ပါတယ်။
အဲဒီခါမှာ ခရိုင်နဲ့ မြို့နယ်အသီးသီးမှာရှိတဲ့ ဦးစီးဌာနလက်အောက်ခံအဖွဲ့အမည်ပါ စာအိတ်မျိုးစုံတွေ တွေ့ရှိပြီး အထဲမှာလည်း ငွေစက္ကူတွေ အထပ်လိုက်ထည့်ထားကြောင်း၊ မနက်က အသွင်ယူဖမ်းဆီးဖို့ ပြင်ဆင်လာတဲ့ စာအိတ် ၃ လုံးထဲက ဘတ် ၉၈၀၀၀ အပြင် မီခံသေတ္တာထဲ သိမ်းထားတဲ့ငွေတွေပါ စုစုပေါင်း ဘတ် ၄ သန်း ၉ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ညွှန်ချုပ် ရတ်ချ်ဒါးဟာ ဦးစီးဌာနလက်အောက်ခံရှိ ဝန်ထမ်းများ ရာထူးတိုးမြှင့်ရေး၊ ရာထူးဌာန ရွှေ့ပြောင်းရေးနဲ့ ပြုပြင်မွမ်းမံစရိတ်၊ ရန်ပုံငွေတွေချပေးဖို့ ကိစ္စတွေမှာ လာဘ်ထိုးမှသာလျှင် ဆောင်ရွက်ပေးတယ်လို့ တိုင်ကြားချက်တွေ ရရှိထားကြောင်း၊ ခိုင်လုံတဲ့သက်သေတွေလည်းရှိကြောင်း လာဘ်စားမှုတိုက်ဖျက်ရေးဌာနက ပြောကြားပါတယ်။
ညွှန်ချုပ်ကတော့ သူ့အနေနဲ့ စာအိတ်အညိုရောင်၊ အဖြူရောင်တွေ လက်ခံခဲ့ပေမယ့် အထဲမှာ ငွေဘယ်လောက်ပါမှန်း မသိကြောင်း၊ သူ့အနေနဲ့ တာဝန်ဝတ္တရားအတိုင်းသာ ထမ်းဆောင်နေကြောင်း ငြင်းဆိုပါတယ်။
လာဘ်စားမှုတိုက်ဖျက်ရေးနဲ့ ဒုစရိုက်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့က သူ့ကို တညလုံး စစ်ဆေးပြီးတဲ့နောက် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အာမခံငွေ ဘတ် ၂ သန်းနဲ့ ပြန်လွှတ်ထားပါတယ်။
ဒီအတောအတွင်း အထူးစုံစမ်းစစ်ဆေးရေးကော်မတီတရပ် ဖွဲ့စည်းပြီး အမှုကို ၇ ရက်အတွင်း စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကိုးကား- THAI RATH