ဂျာမန်ကလပ် လိုက်ဇစ်နဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း လွဲချော်မယ်လို့ သိရပါတယ်။
ဒီဘရိုင်းနဲ့အတူ နောက်ခံလူ လာပေါ့သ်ဟာလည်း ဒဏ်ရာအခြေအနေကြောင့် ဂျာမနီကို ရောက်ရှိနေတဲ့ အသင်းလူစာရင်းမှာ လိုက်ပါလာခြင်း မရှိဘူးလို့ သိရပါတယ်။
လိုက်ဇစ်အသင်းဘက်ကလည်း အဓိကတိုက်စစ်ကစားသမား အမ်ကမ်ကူ ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ ဆိုပါတယ်။
ပြင်သစ်တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အခုနှစ်ရာသီ ပြိုင်ပွဲစုံမှာ ၁၇ ဂိုးအထိ သွင်းယူထားပါတယ်။
မန်စီးတီးခံစစ်ပိုင်းမှာ ဂျွန်စတုန်းစ်လည်း ဒဏ်ရာရနေပြီး အကန်ဂျီ၊ အကီတို့ ပွဲထွက်လာဖို့ ရှိပါတယ်။
ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ နောက်ထပ်တကြိမ် ပြန်လာကစားချင်ကြောင်း တိုက်စစ်မှူး တီမိုဗာနာက ပြောပါတယ်။
ဂျာမနီတိုက်စစ်မှူးဟာ ချဲလ်ဆီးမှာ ၂ နှစ်ကြာ ကစားပြီးနောက် အသင်းဟောင်း လိုက်ဇစ်အသင်းဆီကို ပေါင် ၂၅ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာပါ။
ချဲလ်ဆီးပရိသတ်တွေအတွက် ရေးသားတဲ့ နှုတ်ဆက်စာမှာတော့ ထူးခြားတဲ့ကလပ်အသင်းမှာ ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြောင်း၊ ချန်ပီယံလိဂ်ဆုဖလား အတူရယူနိုင်ခဲ့တာနဲ့ ပရိသတ်တွေက ရေးပေးတဲ့ သီချင်းကို အမြဲတမ်း အမှတ်ရနေမှာဖြစ်ကြောင်း၊ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းဆီ ပြန်လာကစားနိုင်ဖို့ မျှော်လင့်ကြောင်း တီမိုဗာနာက ပြောပါတယ်။
ဗာနာဟာ ချဲလ်ဆီးနဲ့ ၂ ရာသီကြာကာလအတွင်းမှာ စုစုပေါင်း ၈၉ ပွဲကစားခဲ့ပြီး ၂၃ ဂိုး သွင်းယူခဲ့ပါတယ်။