ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာသီအကုန်မှာ လီဗာပူးကနေထွက်ခွာတော့မယ့် တိုက်စစ်မှူးဖေမီနိုကို ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။
၂၀၁၅ ခုနှစ်ကတည်းက လီဗာပူးအသင်းဆီပြောင်းရွှေ့ခဲ့တဲ့ ဖေမီနိုဟာ အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကိုပယ်ချခဲ့ပြီး အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
စပိန် သတင်းစာအယ်နေရှင်နယ်ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်ဟာ ဖေမီနိုရဲ့ အခြေအနေကိုစောင့်ကြည့်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခွင့်လည်းရရှိမှာဖြစ်လို့ ဘင်ဇီမာ ရဲ့ နောက်မှာ အရန်တိုက်စစ်မှူးအဖြစ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။
ဘင်ဇီမာဟာလည်း စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမဲ့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမယ်လို့ သိရပါတယ်။
လီဗာပူးအတွက် ၁၀၉ ဂိုးသွင်းယူထားတဲ့ ဖေမီနိုဟာ ဒီယက်ဇ်၊ ဂတ်ပို၊ ဂျိုတာနဲ့ နူညက်ဇ်တို့ ရောက်ရှိလာပြီးနောက် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး အသင်းကနေထွက်ခွါဖို့လည်း ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။
လီဗာပူးတိုက်စစ်မှူး လူးဝစ် ဒီရက်စ်ဟာ ဒူးဒဏ်ရာကြောင့် သီတင်း ၆ ပတ်ကနေ ၈ ပတ်လောက်အထိ ဘောလုံးကစားနိုင်တော့မှာမဟုတ်ဘူးလို့ နည်းပြ ဂျာဂန်ကလော့ပ်က ပြောပါတယ်။
တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ် အာဆင်နယ်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တာပါ။ ဒီဒဏ်ရာကြောင့် အသက် ၂၅ နှစ်အရွယ် ကိုလံဘီယာလက်ရွေးစင် တိုက်စစ်မှူးဟာ လာမယ့် ဒီဇင်ဘာလ မတိုင်ခင်အထိ ဘောလုံးပြန်ကစားနိုင်ဖွယ် မရှိသေးပါဘူး။
လီဗာပူးဟာအသင်းရဲ့ နောက်တန်းကစားသမားတွေဖြစ်တဲ့ အာနိုးနဲ့ မာတစ်တို့လည်း ဒဏ်ရာကိုယ်စီ ထပ်ရသွားတဲ့အတွက် ဒဏ်ရာရတဲ့ အဓိက ကစားသမားတွေ ပိုများလာပြီး ခက်ခဲတဲ့ရာသီကို ဖြတ်သန်းနေရပါတယ်။
ဒါ့အပြင် လီဗာပူးဟာ ဒီနှစ်ရာသီအစမှာ ရလဒ်တွေမကောင်းဘဲ ရုန်းကန်နေရပါတယ်။