close

လုပ်ခလစာ

close

March 2, 2023

လုပ်ခအများဆုံးပေးချေရသည့် အသင်းများစာရင်းတွင် မန်ယူ ထိပ်ဆုံးကဦးဆောင်

ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံး ပေးချရတဲ့ အသင်းစာရင်းမှာ မန်ယူအသင်းက ထိပ်ဆုံးကနေ ဦးဆောင်ခဲ့ပါတယ်။

The Times သတင်းစာရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ကစားသမားတွေအတွက် လုပ်ခအများဆုံး ပေးချေခဲ့ရတဲ့အသင်းက မန်ယူအသင်းဖြစ်ပြီး စုစုပေါင်း ပေါင် ၃၈၄ သန်း ရှိခဲ့ပါတယ်။

ဒါဟာ ပေါင် ၂၆၄ သန်း ပေးချေခဲ့ရတဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ၄၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့တာပါ။ ဒုတိယနေရာမှာ လီဗာပူးအသင်းက မန်စီးတီးထက် ကျော်တက်ခဲ့ပြီး ပေါင် ၃၆၆ သန်းအထိ ပေးချေခဲ့ရပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်ကထက် ၇၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတာပါ။

တတိယနေရာမှာ မန်စီးတီးက ပေါင် ၃၅၄ သန်း၊ စတုတ္ထနေရာမှာ ချဲလ်ဆီးက ပေါင် ၃၃၃ သန်းနဲ့ ပဉ္စမနေရာမှာ စပါးအသင်းက ပေါင် ၂၀၉ သန်းနဲ့ ရပ်တည်ခဲ့ပါတယ်။

အခုနှစ်ရာသီမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းကတော့ မနှစ်တုန်းက ပေါင် ၂၀၆ သန်း လုပ်ခပေးချေခဲ့ရပြီး ထိပ်တန်းအသင်းကြီး ၆ သင်းထဲမှာ အနည်းဆုံး လုပ်ခပေးချေရမှု ဖြစ်ပါတယ်။

4 mins Ago

February 17, 2023

လုပ်ခလစာ တန်းတူရရှိရေး ကနေဒါလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း တောင်းဆို သပိတ်မှောက်မည်

အမျိုးသားအသင်းနဲ့ လုပ်ခလစာ သာတူညီမျှရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ကနေဒါနိုင်ငံရဲ့ လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ အမေရိကန်မှာကျင်းပမယ့်  SheBelieves ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကစားဖို့ လေ့ကျင့်ပြင်ဆင်နေပါတယ်။

အိုလံပစ်ချန်ပီယံ ကနေဒါအမျိုးသမီးအသင်းဟာ အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနဲ့ တန်းတူ လုပ်ခလစာ မရရှိဘူးဆိုရင် လာမယ့်အနာဂတ်မှာ သပိတ်မှောက် ဆန္ဒပြဖို့ ကတိပြု ဆုံးဖြတ်ထားတာကြောင့် ဒီတောင်းဆိုတိုက်ပွဲဝင်မှုကို အဆုံးသတ်ဖို့ အဝေးကြီးလိုသေးတယ်လို့ ကနေဒါအမျိုးသမီးအသင်း ကစားသမားတွေက ဖေဖော်ဝါရီ ၁၅ ရက် လေ့ကျင့်ခန်းအစီအစဉ်အပြီး ပြောပါတယ်။

ကနေဒါ၊ အမေရိကန်၊ ဘရားဇီးလ်နဲ့ ဂျပန် စတဲ့ နိုင်ငံအသင်း ၄ သင်း ပါဝင်ယှဉ်ပြိုင်ကစားသွားမယ့် SheBelieves ဖိတ်ခေါ်ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာ လက်ခံကျင်းပသွားမှာပါ။

ဒါဟာ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ အမေရိကန် အမျိုးသမီးအသင်းအတွက်တော့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတရပ် ဖြစ်ပါတယ်။

ကနေဒါ အမျိုးသမီးရှေ့တန်းတိုက်စစ်မှူး ဂျနင်း ဘက်ခ်ကီက လာမယ့်ပြိုင်ပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ အသင်းသားတွေအနေနဲ့ အတူတကွ ရပ်တည်နေကြောင်း ပြောပါတယ်။

ကနေဒါဘောလုံးအဖွဲ့ချုပ် (CSA) ဟာ ၂၀၂၁ ခုနှစ်မှာ အမျိုးသားဘောလုံးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၁ သန်းအထိ အသုံးပြုခဲ့ပေမဲ့ အမျိုးသမီးဘောလုံး အစီအစဉ်အတွက် ကိုတော့ ဒေါ်လာ ၅ ဒသမ ၁ သန်းသာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အလားတူ လုပ်ခလစာ သာတူညီမျှမှုရရှိဖို့ တောင်းဆိုတိုက်ပွဲဝင်ရာမှာ အောင်မြင်မှုရရှိခဲ့တဲ့ အမေရိကန် အမျိုးသမီးဘောလုံးအသင်းနဲ့ ကနေဒါ အမျိုးသားဘောလုံးအသင်းဆီက အားပေးထောက်ခံမှုတွေကို ရရှိခဲ့တယ်လို့လည်း အမျိုးသမီးအသင်းက ပြောပါတယ်။

လာမယ့် She Believes ဖလားဖိတ်ခါ်ပြိုင်ပွဲကို အမေရိကန်နိုင်ငံ အော်လန်ဒို၊ ဖလော်ရီဒါ၊ နက်စ်ဗီးလ်မြို့တို့အပြင် တက္ကဆက်ပြည်နယ်က နက်စ်ဗီးလ်မြို့နဲ့ ဖရစ္စကိုမြို့တို့မှာ ကျင်းပမှာပါ။

၂၀၁၁ ခုနှစ်က အမျိုးသမီးကမ္ဘာ့ဖလားကို အာရှတိုက်ကိုယ်စားပြု ပထမဆုံးရရှိခဲ့တဲ့ ဂျပန်အသင်းကလည်း ဒီဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

2 weeks Ago
Up