အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ စက်တင်ဘာ ၈ ရက်က ကိယက်ဗ်ကို သွားရောက်ခဲ့ပြီး ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ရုရှားတပ်တွေကို ပြန်တိုက်ထုတ်ဖို့ ရည်ရွယ်ထားတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို အားကောင်းလာစေဖို့ မျှော်လင့်ပြီး အသစ်စက်စက် လုံခြုံရေးအကူအညီ ဒေါ်လာ ၂ ဘီလီယံ ပေးအပ်ဖို့ ကတိပြုခဲ့ပါတယ်။
ယူကရိန်း ဒုတိယအကြီးဆုံးမြို့ ခါကိဗ်အနီးမှာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေကို ပြန်လည်ရယူဖို့ ကြိုးပမ်းမှုမှာ တိုးတက်မှုရှိကြောင်း သတင်းထုတ်ပြန်ချိန် ဘလင်ကန်ဟာ ရုရှားရဲ့ ဖေဖော်ဝါရီလ ကျူးကျော်မှုနောက်ပိုင်း ယူကရိန်းမြို့တော်ကို ဒုတိယအကြိမ် လာရောက်တာဖြစ်ပါတယ်။
ကိယက်ဗ်ရှိ အခိုင်အခန့် သမ္မတအုပ်ချုပ်ရေး အဆောက်အအုံမှာ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံချိန် ဘလင်ကန်က သူ့ရဲ့ခရီးစဉ်ဟာ ယူကရိန်းအတွက် အရေးကြီးတဲ့ အခိုက်အတန့်တခုဖြစ်ပြီး တန်ပြန်ထိုးစစ်က ထိရောက်ကြောင်း သက်သေပြနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဇလန်းစကီးကလည်း ယူကရိန်းရဲ့ပိုင်နက်နဲ့ နယ်မြေတွေကို ပြန်ရအောင် ကူညီပေးနေတဲ့ အမေရိကန်ရဲ့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။
ဘလင်ကန်ဟာ နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလေဘာနဲ့လည်း တွေ့ဆုံခဲ့ပြီး ရုရှားရဲ့ ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသွားတဲ့ ကလေးငယ်တွေကို ကလေးဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ဘလင်ကန်က ယူကရိန်းအတွက် နိုင်ငံခြား စစ်ဘက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ အစီအစဉ်သစ်ကို ကြေညာခဲ့ပြီး တခြားနိုင်ငံ ၁၈ နိုင်ငံကတော့ အနာဂတ်မှာ ရုရှားရဲ့ ရန်လိုမှုအတွက် အန္တရာယ်ရှိတယ်လို့ ယူဆကြပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သြဂုတ် ၂၄ ရက်က ယူကရိန်းလွတ်လပ်ရေးနေ့ကို အကြောင်းပြုပြီး လုံခြုံရေးအကူအညီ ဒေါ်လာ ၃ ဘီလီယံကို ကြေညာလိုက်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၆ လက ရုရှားကျူးကျော်မှုနောက်ပိုင်း ဝါရှင်တန်ရဲ့ အကြီးမားဆုံး အကူအညီပေးရေး အစီအစဉ်ဖြစ်ပြီး ကိယက်ဗ်ကိုရောက်ဖို့တော့ လတွေ နှစ်တွေချီပြီး ကြာနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မကြာမီရက်ပိုင်းအတွင်း ယူကရိန်းရဲ့ အရပ်ဘက် အခြေခံအဆောက်အအုံနဲ့ အစိုးရ အဆောက်အအုံတွေအပေါ် ရုရှားက တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ဖို့ စီစဉ်နေပုံပေါ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက သတိပေးထားချိန်မှာပဲ အကူအညီပေးရေး ကြေညာချက် ထွက်ပေါ်လာတာပါ။
ပက်ကေ့ဂျ်အသစ်မှာ ရှိပြီးသား အမေရိကန်လက်နက်တွေထက် အချိန်ပိုယူရနိုင်တဲ့ လုပ်ငန်းစဉ်တခုအနေနဲ့ ဘိုင်ဒင်အစိုးရကို စက်ရုံကနေ လက်နက်တွေဝယ်ယူခွင့်ပြုဖို့ ကွန်ဂရက်လွှတ်တော်ကနေ သင့်လျော်သလို ခွင့်ပြုပေးထားတဲ့ ယူကရိန်း လုံခြုံရေး အထောက်အကူပြုမှု (USAI) မှ ရန်ပုံငွေတွေကို အသုံးပြုထားပါတယ်။
ပက်ကေ့ချ်အသစ်မှာ NASAMS လို့ သိကြတဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ၆ ခု၊ တန်ပြန်အမြောက်ရေဒါ ၂၄ စင်း၊ Puma ဒရုန်းတွေနဲ့ VAMPIRE လို့ သိကြတဲ့ တန်ပြန်ဒရုန်းစနစ်တွေ ပါဝင်မှာဖြစ်ကြောင်း ပင်တဂွန်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဘိုင်ဒင်အစိုးရ တက်ချိန်ကတည်းက ယူကရိန်းအတွက် လုံခြုံရေးအကူအညီ စုစုပေါင်း ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံကျော် ကတိကဝတ် ပြုခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှစပြီး အမေရိကန်ဟာ ယူကရိန်းအတွက် လုံခြုံရေးအကူအညီ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံကျော်ကို ကတိပြုခဲ့တာဖြစ်ပါတယ်။