close

အမေရိကန်က ယူကရိန်းကို လုံခြုံရေးအကူအညီ ‌ဒေါ်လာ ၂ ဘီလီယံပေးမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်‌တိုနီဘလင်ကန်ဟာ စက်တင်ဘာ ၈ ရက်က ကိယက်ဗ်ကို သွားရောက်ခဲ့ပြီး ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ရုရှားတပ်တွေကို ပြန်တိုက်ထုတ်ဖို့ ရည်ရွယ်ထားတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို အားကောင်းလာစေဖို့ မျှော်လင့်ပြီး အသစ်စက်စက် လုံခြုံရေးအကူအညီ ဒေါ်လာ ၂ ဘီလီယံ ပေးအပ်ဖို့ ကတိပြုခဲ့ပါတယ်။

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ ခါကိဗ်အနီးမှာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေကို ပြန်လည်ရယူဖို့ ကြိုးပမ်းမှုမှာ တိုးတက်မှုရှိကြောင်း သတင်းထုတ်ပြန်ချိန် ဘလင်ကန်ဟာ ရုရှားရဲ့ ဖေဖော်ဝါရီလ ကျူးကျော်မှုနောက်ပိုင်း ယူကရိန်းမြို့တော်ကို ဒုတိယအကြိမ် လာရောက်တာဖြစ်ပါတယ်။

ကိယက်ဗ်ရှိ အခိုင်အခန့် သမ္မတအုပ်ချုပ်ရေး အဆောက်အအုံမှာ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံချိန် ဘလင်ကန်က သူ့ရဲ့ခရီးစဉ်ဟာ ယူကရိန်းအတွက် အရေးကြီးတဲ့ အခိုက်အတန့်တခုဖြစ်ပြီး တန်ပြန်ထိုးစစ်က ထိရောက်ကြောင်း သက်သေပြနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးကလည်း ယူကရိန်းရဲ့ပိုင်နက်နဲ့ နယ်မြေတွေကို ပြန်ရအောင် ကူညီပေးနေတဲ့ အမေရိကန်ရဲ့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ဘလင်ကန်ဟာ နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလေဘာနဲ့လည်း တွေ့ဆုံခဲ့ပြီး ရုရှားရဲ့ ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသွားတဲ့ ကလေးငယ်တွေကို ကလေးဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဘလင်ကန်က ယူကရိန်းအတွက် နိုင်ငံခြား စစ်ဘက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ အစီအစဉ်သစ်ကို ကြေညာခဲ့ပြီး တခြားနိုင်ငံ ၁၈ နိုင်ငံကတော့ အနာဂတ်မှာ ရုရှားရဲ့ ရန်လိုမှုအတွက် အန္တရာယ်ရှိတယ်လို့ ယူဆကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up