တွစ်တာရဲ့စီအီးအို သူဌေးကြီး အီလွန်မတ်စ်ခ်ဟာ သူ့နေရာမှာ အစားထိုးခန့်အပ်မယ့်သူ ရှာတွေ့တဲ့အခါ ရာထူးကနေ နုတ်ထွက်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
အီလွန်မတ်စ်ခ်ဟာ ဒီဇင်ဘာ ၁၈ ရက်ကစတင်ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြီးဆုံးခဲ့တဲ့ တွစ်တာရဲ့ လူထုစစ်တမ်းရလဒ်အရ တွစ်တာရဲ့ စီအီးအိုရာထူးကနေ နုတ်ထွက်ရတော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။
တွစ်တာလူမှုကွန်ရက် ဆက်လက်ရပ်တည်ဖို့ စီအီးအိုအဖြစ် အီလွန်မတ်စ်ခ် ဆက်ရှိနေသင့်၊ မသင့်အတွက် တွစ်တာမှာ လူထုဆန္ဒတောင်းခံခဲ့ရာမှာ မဲပေါင်း ၁၇ သန်းကျော်အထိ ရှိခဲ့ပြီး အီလွန်မတ်စ်ခ် နုတ်ထွက်ဖို့ မဲပေးသူပေါင်းက ၅၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ နုတ်မထွက်ဖို့ မဲပေးသူပေါင်းက ၄၂ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့တာကြောင့် တွစ်တာရဲ့ စီအီးအိုနေရာက နုတ်ထွက်ရတော့မှာပါ။
“တွစ်တာရဲ့ ဦးဆောင်သူနေရာကနေ ကျနော် နုတ်ထွက်သင့်နေပြီလား။ ဒီစစ်တမ်းရဲ့ ရလဒ်အဖြေကို ကျနော်လိုက်နာမှာပါ” လို့ အီလွန်မတ်စ်ခ်က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပေမဲ့ ပြောထားတဲ့အတိုင်း အမှန်တကယ် နုတ်ထွက်မလား ဆိုတာကတော့ မသိနိုင်သေးပါဘူး။
လက်ရှိမှာတော့ သူ့နေရာမှာ အစားထိုးခန့်အပ်မယ့်သူ ရှာမတွေ့မချင်း တာဝန်ဆက်ယူနေမှာဖြစ်ပြီး သူ့နေရာမှာ ဘယ်သူ့ကို ဘယ်အချိန်မှာ ခန့်အပ်မယ်ဆိုတာလည်း ရေရေရာရာ ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။
အီလွန်မတ်စ်ခ်ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး ဝန်ထမ်း ၃,၅၀၀ ကျော်လောက်ကို အလုပ်ထုတ်မယ့်ကိစ္စနဲ့ လစဉ်ကြေး ပေးဝယ်လို့ရတဲ့ တွစ်တာ Blue Mark အတုကိစ္စတို့ကြောင့် တွစ်တာရဲ့ အစုရှယ်ယာတန်ဖိုးတွေ ကျဆင်းသွားပြီး အခုလို နုတ်ထွက်ဖို့အထိ ဖြစ်လာခဲ့တာလို့ သိရပါတယ်။
တက်စ်လာ လျှပ်စစ်ကားကုမ္ပဏီနဲ့ Spacex အာကာသယာဥ်လုပ်ငန်းကို တည်ထောင်ထားသူ အီလွန်မတ်စ်ခ်အနေနဲ့ တွစ်တာစီအီးအိုနေရာကနေ ဘယ်အချိန်နုတ်ထွက်မယ်၊ ဘယ်သူ့ကို စီအီးအိုအသစ် ခန့်အပ်ထားမယ်လို့ ကြေညာထားတာ မတွေ့ရသေးပါဘူး။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဘီလီယံနာသူဌေး အီလွန်မတ်စ်ခ်ဟာ တွစ်တာရဲ့ စီအီးအိုအဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တနှစ်တာကာလအတွင်း ဖြတ်သန်းခဲ့ရတဲ့ လူမှုစီးပွား ပြဿနာတွေအဆုံးသတ်စေရေးအတွက် လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရထံ အမြန်ဆုံးအာဏာ ပြန်လွှဲပေးဖို့လိုတယ်လို့ စစ်တမ်းဖြေတဲ့ ပြည်သူအများစုက ဆန္ဒရှိတဲ့အကြောင်း လူထုစစ်တမ်းအရ သိရပါတယ်။
“လက်ရှိမြန်မာနိုင်ငံ၏ လူမှုစီးပွားအခြေအနေနှင့် စိုးရိမ်ပူပန်မှုများ လေ့လာသုံးသပ်မှုအစီရင်ခံစာ”လို့ အမည်ပေးထားတဲ့ လူထုစစ်တမ်းတခုကို ဇွန်လ ၇ ရက်က လွတ်လပ်သောသုတေသီများအဖွဲ့ Myanmar Independent Researchers (MIR) က ထုတ်ပြန်ရာမှာထည့်သွင်းဖော်ပြထားတာပါ။
လက်ရှိတိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို စစ်တမ်းထုတ် မေးမြန်းရာမှာ လက်ရှိအာဏာသိမ်းစစ်တပ်က ပြည်သူများ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရအား အမြန်ဆုံးအာဏာပြန်လည်လွှဲပေးဖို့ ဖြေဆိုသူက ၇၁ ရာခိုင်နှုန်းကျော်ရှိတာတွေ့ရပါတယ်။ ကျန်သူတွေကတော့ နိုင်ငံရေး အစုအဖွဲ့တွေနဲ့ စစ်တပ်အကြား ဖြေရှင်းနိုင်မယ့် ကိစ္စတွေကို အမြန်ဆုံးဆွေးနွေးညှိနှိုင်း အဖြေရှာသင့်တယ်လို့ စစ်တမ်းမှာ ဖြေဆိုထားပါတယ်။
စစ်တမ်းဖြေဆိုသူ စုစုပေါင်းရဲ့ ၈၉ ရာခိုင်နှုန်းက လူမှုစီးပွားအခက်အခဲတွေကြုံတွေ့နေရတဲ့ အဓိက အကြောင်းအရင်းမှာ စစ်တပ်အာဏာသိမ်းတာကြောင့်လို့ ဖြေဆိုကြပြီး နိုင်ငံတဝန်း ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေး အဘက်ဘက်က စိုးရိမ်ပူပန်မှုတွေ ဖြစ်နေရတာနဲ့ ပတ်သက်လို့ အဓိကတာဝန်ရှိသူဟာလည်း အာဏာသိမ်းစစ်ကောင်စီသာဖြစ်တယ်လို့ ဖြေဆိုသူအများစုက သုံးသပ်ထားပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သတ်ပြီး ဖြတ်သန်းခဲ့ရတဲ့ တနှစ်တာ ကာလနဲ့ ရှေ့လာမယ့် ၃ လတာကာလမှာ ပြည်သူတွေအနေနဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ခဲ့ရတဲ့ အခြေအနေတွေကို သိရဖို့ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။
စစ်တမ်းကောက်ယူရာမှာ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ၇ ခု နဲ့ ပြည်နယ် ၆ ခုတို့မှာ နေထိုင်ကြတဲ့ ပြည်သူ ၂၀၉ ဦးထံမှ အချက်အလက်တွေကို ကောက်ယူခဲ့တာဖြစ်ပြီး ဖြေဆိုသူအများစုက ဖြတ်သန်းခဲ့ရတဲ့ ၁ နှစ်တာကာလအတွင်းမှာ မိမိတို့အနေနဲ့ အလုပ်အကိုင်၊ မိသားစုစားဝတ်နေရေးနဲ့ ရပ်ရွာလုံခြုံရေးအပေါ်မှာ အထူးစိုးရိမ်ပူပန်မှုတွေ ရှိခဲ့တယ်လို့ ဖြေဆိုထားပါတယ်။
ဒါ့အပြင် ရှေ့လာမည့် ၃ လတာကာလအတွင်းမှာလည်း အဆိုပါ အရေးကိစ္စကိုပဲ စိုးရိမ်ပူပန်မှု ရှိပါတယ်လို့ ထပ်မံဖြေဆိုထား တာတွေ့ရပါတယ်။
စစ်တမ်းမှာ ပါဝင်ဖြေဆိုသူတွေဟာ အသက် ၁၈ နှစ် မှ ၂၅ နှစ်အတွင်းရှိ ဖြေဆိုသူက ၁၀၃ ဦး ရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၄၉ ရာခိုင်နှုန်းနဲ့ အများဆုံးရှိပါတယ်။ ဒုတိယအများဆုံးကတော့ အသက် ၃၁ နှစ် မှ ၄၀ နှစ်အတွင်းရှိ ဖြေဆိုသူ ၄၄ ဦး ရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၂၁ ရာခိုင်နှုန်း ရှိပါတယ်။
ဖြေဆိုသူတွေရဲ့ ပညာအရည်အချင်းကတော့ ဘွဲ့ရ ၁၀၄ ဦး (၄၉ ဒသမ ၈ ရာခိုင်နှုန်း) နဲ့ အများဆုံးဖြစ်ပြီး ဘွဲ့လွန် ၃၈ ဦး (၁၅ ဒသမ ၃ ရာခိုင်နှုန်း)၊ ၊ အထက်တန်းအောင် ၁၃ ဦး (၆ ဒသမ ၂ ရာခိုင်နှုန်း)၊ ဒီပလိုမာ ၉ ဦး (၄ ဒသမ ၃ ရာခိုင်နှုန်း)၊ အသက်မွေးဝမ်းကျောင်းပညာ ၅ ဦး (၂ ဒသမ ၄ ရာခိုင်နှုန်း) နဲ့ အလယ်တန်းအောင် ၅ ဦး (၂ ဒသမ ၄ ရာခိုင်နှုန်း) အသီးသီးရှိပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ရောဂါအကျိုးဆက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာ၊ ဝန်ထမ်းတွေ လျှော့ချခံရတာနဲ့ လစာ ဖြတ်တောက်ခြင်းခံရတာ စတဲ့အချက်တွေက ပြည်သူအများစုရဲ့ အလုပ်အကိုင်အခြေအနေတွေကို ပြောင်းလဲစေခဲ့ပါတယ်။
ဒါကြောင့် စစ်တမ်းမှာ ဖြေဆိုထားသူရဲ့ သုံးပုံတပုံက အလုပ်လက်မဲ့ အခြေအနေဆီ ရောက်ရှိသွားတယ်လို့ ဖြေဆိုထားပြီး သက်ရောက်မှုက လစဉ်ဝင်ငွေလျှော့နည်းသွားတဲ့အတွက် ဝင်ငွေထွက်ငွေ မမျှတမှုနဲ့ ကြုံတွေ့နေရတာကြောင့် မိသားစု နေ့စဉ် စားဝတ်နေရေး အခက်အခဲတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုရယူရန် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေ ပိုမိုဖြစ်ပွားလာတဲ့အတွက် အိမ်ထောင်စုအများစုတို့ဟာ စားဝတ်နေရေး အခက်အခဲအပြင် ရပ်ရွာမလုံခြုံမှုနဲ့အတူ လုယက်မှုအန္တရာယ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုဒဏ်တွေကို ခံစား နေရပါတယ်။
ဒါကြောင့် လူထုက မလူးသာမလွန့်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံရေးမတည်ငြိမ်မှု ပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြတဲ့အကြောင်း အစီရင်ခံစာက ထောက်ပြထားပါတယ်။