close

တွစ်တာစီအီးအို အသစ်ရှာတွေ့ချိန်တွင် ရာထူးမှနုတ်ထွက်မည်ဟု အီလွန်မတ်စ်ခ်ပြော

တွစ်တာရဲ့စီအီးအို သူဌေးကြီး အီလွန်မတ်စ်ခ်ဟာ သူ့နေရာမှာ အစားထိုးခန့်အပ်မယ့်သူ ရှာတွေ့တဲ့အခါ ရာထူးကနေ နုတ်ထွက်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အီလွန်မတ်စ်ခ်ဟာ ဒီဇင်ဘာ ၁၈ ရက်ကစတင်ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြီးဆုံးခဲ့တဲ့ တွစ်တာရဲ့ လူထုစစ်တမ်းရလဒ်အရ တွစ်တာရဲ့ စီအီးအိုရာထူးကနေ နုတ်ထွက်ရတော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။

တွစ်တာလူမှုကွန်ရက် ဆက်လက်ရပ်တည်ဖို့ စီအီးအိုအဖြစ် အီလွန်မတ်စ်ခ် ဆက်ရှိနေသင့်၊ မသင့်အတွက် တွစ်တာမှာ လူထုဆန္ဒတောင်းခံခဲ့ရာမှာ မဲပေါင်း ၁၇ သန်းကျော်အထိ ရှိခဲ့ပြီး အီလွန်မတ်စ်ခ် နုတ်ထွက်ဖို့ ‌မဲပေးသူပေါင်းက ၅၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ နုတ်မထွက်ဖို့ မဲပေးသူပေါင်းက ၄၂ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့တာကြောင့် တွစ်တာရဲ့ စီအီးအိုနေရာက နုတ်ထွက်ရတော့မှာပါ။

“တွစ်တာရဲ့ ဦးဆောင်သူနေရာကနေ ကျနော် နုတ်ထွက်သင့်နေပြီလား။ ဒီစစ်တမ်းရဲ့ ရလဒ်အဖြေကို ကျနော်လိုက်နာမှာပါ” လို့ အီလွန်မတ်စ်ခ်က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပေမဲ့ ပြောထားတဲ့အတိုင်း အမှန်တကယ် နုတ်ထွက်မလား ဆိုတာကတော့ မသိနိုင်သေးပါဘူး။

လက်ရှိမှာတော့ သူ့နေရာမှာ အစားထိုးခန့်အပ်မယ့်သူ ရှာမတွေ့မချင်း တာဝန်ဆက်ယူနေမှာဖြစ်ပြီး သူ့နေရာမှာ ဘယ်သူ့ကို ဘယ်အချိန်မှာ ခန့်အပ်မယ်ဆိုတာလည်း ရေရေရာရာ ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။

အီလွန်မတ်စ်ခ်ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး ဝန်ထမ်း ၃,၅၀၀ ကျော်လောက်ကို အလုပ်ထုတ်မယ့်ကိစ္စနဲ့ လစဉ်ကြေး ပေးဝယ်လို့ရတဲ့ တွစ်တာ Blue Mark အတုကိစ္စတို့ကြောင့် တွစ်တာရဲ့ အစုရှယ်ယာတန်ဖိုးတွေ ကျဆင်းသွားပြီး အခုလို နုတ်ထွက်ဖို့အထိ ဖြစ်လာခဲ့တာလို့ သိရပါတယ်။

တက်စ်လာ လျှပ်စစ်ကားကုမ္ပဏီနဲ့ Spacex အာကာသယာဥ်လုပ်ငန်းကို တည်ထောင်ထားသူ အီလွန်မတ်စ်ခ်အနေနဲ့ တွစ်တာစီအီးအိုနေရာကနေ ဘယ်အချိန်နုတ်ထွက်မယ်၊ ဘယ်သူ့ကို စီအီးအိုအသစ် ခန့်အပ်ထားမယ်လို့ ကြေညာထားတာ မတွေ့ရသေးပါဘူး။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဘီလီယံနာသူဌေး အီလွန်မတ်စ်ခ်ဟာ တွစ်တာရဲ့ စီအီးအိုအဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up