close

လူနာတင်ကား

close

June 6, 2022

ထိုင်းအရေးပေါ်လူနာတင်ကားဖြင့်သယ်လာသည့် စိတ်ကြွဆေး ၂ သန်းကျော် ဖမ်းမိ

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ လွေးခရိုင်ကနေ ထိုင်းနိုင်ငံ အလယ်ပိုင်းကို စိတ်ကြွဆေးပြား ၂ သန်း ၄ သိန်းအား သယ်လာတဲ့ လူနာတင်ကား တစီးကို ရဲတပ်ဖွဲ့က  ဇွန် ၅ ရက် နေ့ခင်းပိုင်းမှာ လိုက်လံဖမ်းဆီးခဲ့ပါတယ်။

အဆိုပါကားဟာ အရေးပေါ်မီးဖွင့်ပြီး  လွေး၊ အယုဒ္ဓယ၊ ဆရာပူရီ၊ နွန်ထပူရီ စတဲ့ခရိုင် ၄ ခုကို ဖြတ်မောင်းလာခဲ့ပြီး၊  စစ်ဆေးရေးဂိတ်တွေမှာလည်း အရှိန်မလျှော့ဘဲ ဖြတ်မောင်းလာခဲ့လို့ ရဲကားတွေက အနောက်က လိုက်လံဖမ်းဆီးခဲ့ပါတယ်။ 

အဆိုပါကားရဲ့ အားသာချက်မှာ အရေးပေါ်မီးဖွင့်အသံပေးတဲ့အတွက် လမ်းပေါ်ရှိယာဉ် သွားယာဉ်လာတွေက  လူနာပါတယ်ထင်ပြီး ရှောင်တိမ်းပေးခဲ့ကြတာပါ။ 

ဆရာဘူရီခရိုင်ထဲရောက်တော့ အနောက်က ရဲကားတွေကို တိမ်းရှောင်ရင်း လမ်းလယ်ခေါင်က တံတိုင်းကို ကျော်ဖြတ်ပြီး ယာဉ်ကြောပြောင်းလိုက်သလို တခြားကားတွေကိုလည်း တိုက်ပြီးမောင်းသွားပါတယ်။ 

ညနေ ၃ နာရီလောက်မှာတော့ နွန်ထပူရီ ခေါင်းဆမ်ဝါးမြို့နယ် လမ်းကြား တခုတည်းဝင်သွားပြီး  ကားပေါ်ကအထုတ်တွေကို လမ်းဘေးပစ်ထားကာ ကားကိုလည်း ထားပစ်ပြီး ထွက်ပြေးသွားပါတယ်။ 

တာဝန်ရှိသူတွေက လာရောက်စစ်ဆေးရာမှာ အမှိုက်ပုံဘေးမှာ ဆာလာအိတ် ၆ အိတ် တွေ့ရှိပြီး အထဲမှာ စိတ်ကြွဆေးပြားစုစုပေါင်း ၂ သန်း ၄ သိမ်းကို သိမ်းဆည်းရမိခဲ့ပါတယ်။ 

စီစီကင်မရာနဲ့ အနီးနားရှိ မျက်မြင်သက်သေတွေ ပြောပြချက်အရ အဆိုပါလူနာတင်ကားပေါ်မှာ လူနာတယောက်မှမရှိဘဲ လင်မယားလို့ယူဆရတဲ့ အမျိုသမီး တဦး၊ အမျိုးသား တဦးသာပါရှိပြီး သူတို့ကို နောက်ထပ်အဖြူရောင် ကယ်ဆယ်ရေးကား တစီးက လာကြိုသွားတယ်လို့ ဆိုပါတယ်။ 

ကယ်ဆယ်ရေးကားဟာ ဘယ်သူ့ကားလဲဆိုတာကို စုံစမ်းသိရှိပြီးဖြစ်ကြောင်း၊ တရားခံ နှစ်ဦးနဲ့ ဘယ်လို ပတ်သက်လဲဆိုတာ ဆက်ပြီးစုံစမ်းနေကြောင်း၊ ဒါ့အပြင် သူတို့ကို အရှေ့ကနေ လမ်းရှင်းပြီးမောင်းသွားတဲ့ ကား တစီးပေါ်က လူ နှစ်ယောက်ကိုလည်း ဖမ်းမိထားပြီ ဆရာဘူရီခရိုင်ရဲမှူးကြီးက ပြောပါတယ်။ 

အဆိုပါလူနာတင်ကားဟာ အမှန်တကယ်လည်း အရေးပေါ်လူနာတင်ပြီး ဒီကြားထဲ မူးယစ် ဆေးဝါးတွေ သယ်ဆောင်တာဖြစ်ကြောင်ေ၊ ဒီမတိုင်ခင်က တကြိမ်သယ်ဆောင်ခဲ့ဖူးကြောင်း၊ အဆိုပါမူးယစ်ဆေးဝါးတွေဟာ လာအိုနိုင်ငံကလာပြီး ထိုင်းအရှေ့မြောက်ပိုင်းကနေတဆင့် ထိုင်းအလယ်ပိုင်းနဲ့ တောင်ပိုင်းအထိ သယ်ဆောင်ဖို့ လုပ်နေတာလို့ ဆရာဘူရီ ခရိုင်ရဲမှူးကြီးက ပြောသွားပါတယ်။ 

ကိုးကား - Sanook

7 mins Ago

October 28, 2021

ထိုင်းတွင် လူနာတင်ကားဖြင့်လိုက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦး ဖမ်းဆီးခံရ

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်၊ ကရပူရီမြို့နယ်ထဲမှာ အရေးပေါ်လူနာတင်ကားနဲ့ လိုက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦးကို ထိုင်းကယ်ဆယ်ရေးလုပ်သား ၂ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းစစ်တပ် အမှတ် ၂၅ ခြေလျင်တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်တာဝန်ရှိသူတွေဟာ ဒီကနေ့မနက်စောစောက ကရပူရီမြို့နယ်ထဲမှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် ရနောင်းဘက်ကနေ အရေးပေါ်အချက်ပြမီးဖွင့်ပြီး မောင်းနှင်လာတဲ့ လူနာတင်ကားတစ်စီးပါ တားဆီးစစ်ဆေးခဲ့ကြောင်း၊ ကားရှေ့ခန်းမှာ ထိုင်းယာဉ်မောင်းတစ်ဦးနဲ့ အဖော်ထိုင်း အမျိုး သမီးတစ်ဦးတို့ လိုက်ပါလာပြီး  နောက်ခန်းကိုစစ်ဆေးရာမှာတော့ မြန်မာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၇ ဦးတို့ လိုက်ပါလာတယ်လို့ တာဝန်ရှိသူမှ သတင်း ထောက်တွေကို ပြောပါတယ်။ 

သူတို့ဟာ ရနောင်းမှာ အလုပ်လာလုပ်တာ ၁ လ ရှိခဲ့ပြီး ပွဲစားက ဘန်ကောက်မှာ အလုပ်လုပ်ဖို့ ဆက်သွယ်ပေးလို့ လိုက်လာတာလို့ပြောကြောင်းပြောပေမဲ့ သူတို့ကိုင်ဆောင်လာတဲ့ စာရွက်စာတမ်း အထောက်အထားမှာ အတုတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

ထိုင်းယာဉ်မောင်းနဲ့ အဖော်အမျိုးသမီးကတော့ သူတို့ဟာ ဖောင်ဒေးရှင်းတစ်ခုက စေတနာ့ ဝန်ထမ်းတွေဖြစ်ပြီး ကိုဗစ်-၁၉ သံသယရှိလူနာတွေကို ကွာရန်တင်းစင်တာပို့ ဆောင်ပေး နေတာလို့ ပြောပါတယ်။

အဆိုပါ မြန်မာလုပ်သား ၁၀ ဦးကိုတော့ ရနောင်းကနေ ဘန်ကောက်ကိုပို့ပေးဖို့ နိုင်ပေါင်းဆိုသူ မြန်မာတဦးက  ဘတ် ၁၆၀၀၀ နဲ့ စင်းလုံးငှါးပေးခဲ့ကြောင်း ၊ သူတို့မှာ အထောက်အထားပြည့်စုံတယ်လို့ ပြောလို့  သယ်ဆောင်ခဲ့ကြောင်း၊ လက်မှတ်အတုဖြစ်တာကိုတော့ ခုမှသိရကြောင်း ၊  နိုင်ပေါင်းကတော့ ရနောင်းကနေအတူ တူထွက်လာ ပေမယ့်  လမ်းခုလတ်မှာ ကိစ္စလေးရှိလို့ ဆိုပြီး ဆင်းကျန်ခဲ့တယ်လို့ပြောပါတယ်။ 

တာဝန်ရှိသူတွေက ယာဉ်မောင်းပြောသမျှအကုန်မယုံကြည်သေးဘဲ ဆက်လက်စစ်ဆေး အရေးယူဖို့ အားလုံးကို ကရပူရီမြို့နယ် ပတ်ကျန်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပြောသွားပါတယ်။ 

7 months Ago
Up