close

ထိုင်းအရေးပေါ်လူနာတင်ကားဖြင့်သယ်လာသည့် စိတ်ကြွဆေး ၂ သန်းကျော် ဖမ်းမိ

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ လွေးခရိုင်ကနေ ထိုင်းနိုင်ငံ အလယ်ပိုင်းကို စိတ်ကြွဆေးပြား ၂ သန်း ၄ သိန်းအား သယ်လာတဲ့ လူနာတင်ကား တစီးကို ရဲတပ်ဖွဲ့က  ဇွန် ၅ ရက် နေ့ခင်းပိုင်းမှာ လိုက်လံဖမ်းဆီးခဲ့ပါတယ်။

အဆိုပါကားဟာ အရေးပေါ်မီးဖွင့်ပြီး  လွေး၊ အယုဒ္ဓယ၊ ဆရာပူရီ၊ နွန်ထပူရီ စတဲ့ခရိုင် ၄ ခုကို ဖြတ်မောင်းလာခဲ့ပြီး၊  စစ်ဆေးရေးဂိတ်တွေမှာလည်း အရှိန်မလျှော့ဘဲ ဖြတ်မောင်းလာခဲ့လို့ ရဲကားတွေက အနောက်က လိုက်လံဖမ်းဆီးခဲ့ပါတယ်။ 

အဆိုပါကားရဲ့ အားသာချက်မှာ အရေးပေါ်မီးဖွင့်အသံပေးတဲ့အတွက် လမ်းပေါ်ရှိယာဉ် သွားယာဉ်လာတွေက  လူနာပါတယ်ထင်ပြီး ရှောင်တိမ်းပေးခဲ့ကြတာပါ။ 

ဆရာဘူရီခရိုင်ထဲရောက်တော့ အနောက်က ရဲကားတွေကို တိမ်းရှောင်ရင်း လမ်းလယ်ခေါင်က တံတိုင်းကို ကျော်ဖြတ်ပြီး ယာဉ်ကြောပြောင်းလိုက်သလို တခြားကားတွေကိုလည်း တိုက်ပြီးမောင်းသွားပါတယ်။ 

ညနေ ၃ နာရီလောက်မှာတော့ နွန်ထပူရီ ခေါင်းဆမ်ဝါးမြို့နယ် လမ်းကြား တခုတည်းဝင်သွားပြီး  ကားပေါ်ကအထုတ်တွေကို လမ်းဘေးပစ်ထားကာ ကားကိုလည်း ထားပစ်ပြီး ထွက်ပြေးသွားပါတယ်။ 

တာဝန်ရှိသူတွေက လာရောက်စစ်ဆေးရာမှာ အမှိုက်ပုံဘေးမှာ ဆာလာအိတ် ၆ အိတ် တွေ့ရှိပြီး အထဲမှာ စိတ်ကြွဆေးပြားစုစုပေါင်း ၂ သန်း ၄ သိမ်းကို သိမ်းဆည်းရမိခဲ့ပါတယ်။ 

စီစီကင်မရာနဲ့ အနီးနားရှိ မျက်မြင်သက်သေတွေ ပြောပြချက်အရ အဆိုပါလူနာတင်ကားပေါ်မှာ လူနာတယောက်မှမရှိဘဲ လင်မယားလို့ယူဆရတဲ့ အမျိုသမီး တဦး၊ အမျိုးသား တဦးသာပါရှိပြီး သူတို့ကို နောက်ထပ်အဖြူရောင် ကယ်ဆယ်ရေးကား တစီးက လာကြိုသွားတယ်လို့ ဆိုပါတယ်။ 

ကယ်ဆယ်ရေးကားဟာ ဘယ်သူ့ကားလဲဆိုတာကို စုံစမ်းသိရှိပြီးဖြစ်ကြောင်း၊ တရားခံ နှစ်ဦးနဲ့ ဘယ်လို ပတ်သက်လဲဆိုတာ ဆက်ပြီးစုံစမ်းနေကြောင်း၊ ဒါ့အပြင် သူတို့ကို အရှေ့ကနေ လမ်းရှင်းပြီးမောင်းသွားတဲ့ ကား တစီးပေါ်က လူ နှစ်ယောက်ကိုလည်း ဖမ်းမိထားပြီ ဆရာဘူရီခရိုင်ရဲမှူးကြီးက ပြောပါတယ်။ 

အဆိုပါလူနာတင်ကားဟာ အမှန်တကယ်လည်း အရေးပေါ်လူနာတင်ပြီး ဒီကြားထဲ မူးယစ် ဆေးဝါးတွေ သယ်ဆောင်တာဖြစ်ကြောင်ေ၊ ဒီမတိုင်ခင်က တကြိမ်သယ်ဆောင်ခဲ့ဖူးကြောင်း၊ အဆိုပါမူးယစ်ဆေးဝါးတွေဟာ လာအိုနိုင်ငံကလာပြီး ထိုင်းအရှေ့မြောက်ပိုင်းကနေတဆင့် ထိုင်းအလယ်ပိုင်းနဲ့ တောင်ပိုင်းအထိ သယ်ဆောင်ဖို့ လုပ်နေတာလို့ ဆရာဘူရီ ခရိုင်ရဲမှူးကြီးက ပြောသွားပါတယ်။ 

ကိုးကား - Sanook

//
Up