ဗင်နီဇွဲလားနိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်ပြီး မြစ်ငယ်ငါးစင်း ရေလျှံခဲ့လို့ လူ ၂၂ ဦး ထက်မနည်း သေဆုံးကာ ၅၂ ဦး ပျောက်နေတယ်လို့ ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီရိုဒရီဂက်ဇ်က အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။
စနေနေ့ညက မိုးရွာလို့ မြို့တော် ကာရာကတ်စ်ရဲ့ အနောက်တောင်ဘက် မိုင် ၄၀ အကွာ တောင်တန်းတွေက သစ်ပင်ကြီးတွေနဲ့ အပျက်အစီးတွေ မျောပါခဲ့တာပါ။
စီးပွားရေးလုပ်ငန်းတွေနဲ့ လယ်ယာမြေတွေ ပျက်စီးခဲ့တယ်လို့ ရိုဒရီဂက်ဇ်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။
မြို့အနှံ့ ရွှံ့နွံကျောက်တုံးတွေအောက်မှာ ပိတ်မိနေတဲ့လူတွေကို ဦးစားပေးအနေနဲ့ ရှာဖွေဖို့ဖြစ်ပြီး တပ်မတော်နဲ့ ကယ်ဆယ်ရေးသမားတွေကလည်း အသက်ရှင်ကျန်ရစ်သူတွေကို မြစ်ကမ်းပါးတွေမှာ ရှာဖွေနေတယ်လို့ ဒုတိယသမ္မတက ပြောပါတယ်။
ရေကြီးနေတဲ့ မြစ်တွေထဲက တခုဖြစ်တဲ့ အယ်လ်ပါတိုမြစ်ကြောင့် အိမ်တွေ ဈေးဆိုင်တွေနဲ့ သားသတ်ရုံအများအပြား မျောပါသွားခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင် အယောက် ၁၀၀၀ က ဒေသတွင်း ဒုက္ခသည်တွေကို ရှာနေတယ်လို့ နိုင်ငံရဲ့ အရပ်ဘက်ကာကွယ်ရေးစနစ်ဆိုင်ရာ လက်ထောက်ဝန်ကြီး ကားလို့စ် ပီရက်ဇ်က တနင်္ဂနွေနေ့မှာ တွစ်တာလူမှုကွန်ယက်ကနေ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ရေကြီးမြေပြိုတာတွေ ကြုံတွေ့နေရတဲ့ လာနီနာ ရာသီဥတုပုံစံကြောင့် မကြာသေးမီ သီတင်းပတ်တွေအတွင်း စုစုပေါင်း ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့၊ သင်္ဘောလှ မူလွန်ကျောင်းက ကျောင်းအုပ်ကြီးနဲ့ ဆရာမတယောက်တို့ ဇွန် ၁၆ ရက် နေ့လယ်ပိုင်းက ပျောက်ဆုံးနေတယ်လို့ ဒေသခံ ကျောင်းဆရာတွေထံက သိရပါတယ်။
ပျောက်ဆုံးနေသူ ၂ ဦးဟာ သင်္ဘောလှကျေးရွာမူလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဆရာကြီးဦးဘိုဝင်းနဲ့ ဆရာမဒေါ်ဥမ္မာကျော်တို့ဖြစ်ပြီး မြို့နယ်ပညာရေးမှူးရုံးက ဆင့်ခေါ်တဲ့အတွက် ဆိုင်ကယ်နဲ့အသွား လမ်းမှာ ပျောက်ဆုံးသွားတာလို့ သင်္ဘောလှမူလွန်ကျောင်းမှ ကျောင်းဆရာ ဦးစောမင်းထွန်းက ပြောပါတယ်။
“ကျနော်တို့ သင်္ဘောလှကျောင်းက ဆရာတွေနဲ့ ရွာကလူကြီးတွေကို ဒီနေ့ မြို့နယ်ပညာရေးမှူးရုံးက ခေါ်လို့ ဆိုင်ကယ် သုံးစီးနဲ့ လာကြတာ။ ကျနော်နဲ့ အုပ်ချပ်ချုပ်ရေးမှူးကတစ်စီး။ ဆရာကြီးဦးဘိုဝင်းနဲ့ ဆရာမဒေါ်ဥမ္မာကျော်က တစ်စီး၊ ရွာလူကြီး နှစ်ဦးက တစ်စီးပါ။ ကျနော်တို့ ဆိုင်ကယ် နှစ်စီးက ရန်အောင်ပြင်ခွဆုံကိုရောက်ပြီး ဆရာကြီးတို့အစီးကို စောင့်နေကြတာ။ အချိန်သာကြာသွားတယ် ရောက်မလာကြဘူး။ ဖုန်းခေါ်ကြည့်တော့ ဖုန်းစက်ပိတ်ထားတယ်။ ကျနော်တို့ ပြန်လိုက်သွားပြီး ရှာတော့လည်း မတွေ့ဘူး။ အခု နယ်ခြားစောင့်တွေ၊ စစ်ကြောင်းတွေနဲ့ လိုက်ရှာနေကြတယ်။”
ပျောက်ဆုံးသူ ၂ ဦး စီးလာတဲ့ ဆိုင်ကယ်ကိုတော့ ကျွန်းပေါက်ပြုစုကျေးရွာဟောင်း အနီးခြုံကြားမှာ တွေ့ရှိပြီး လူတွေကတော့ အခုည ၈ နာရီ ကျော်အချိန်အထိ ရှာမတွေ့သေးဘဲ မနက်ဖြန် ဆက်လက်ရှာဖွေမယ်လို့ သင်္ဘောလှအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“သူတို့စီးလာတဲ့ ဆိုက်ကယ်ကို ကျွန်းပေါက်ပြုစုကျေးရွာဟောင်းနားမှာ တွေ့တယ်။ ဆိုက်ကယ်ကတော့ ပျက်စီးတာမရှိဘူး။ လူတွေကိုတော့ အခုအထိ ရှာမတွေ့သေးပါ။ ညလည်း မိုးချုပ်ပြီဆိုတော့ မနက်ဖြန်မှ ရှာဖွေကြမှာပါ။”
မောင်တောမြို့နယ် ပညာရေးမှူးဦးအောင်စံကျော်ကလည်း သင်္ဘောလှမူလွန်ကျောင်းက ဆရာ၊ ဆရာမတွေကို စစ်ဆေးမေးမြန်းစရာရှိလို့ ရုံးကိုခေါ်ခဲ့တာဖြစ်တယ်လို့ အတည်ပြု ပြောဆိုပါတယ်။
အခုလို ပညာမှူးရုံးသို့ ခေါ်ယူရတာဟာ အဆိုပါသင်္ဘောလှကျေးရွာက ဆရာ၊ ဆရာမတွေ ကျောင်းတက်ရောက်ခြင်းမရှိဘူးလို့ သက်ဆိုင်ရာက တိုင်တန်းလာလို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သင်္ဘောလှမူလွန်ကျောင်းမှာ ဆရာ ၅ ဦး၊ ဆရာမ ၄ ဦး တာဝန်ထမ်းဆောင်နေကြောင်း သိရပါတယ်။