ဗင်နီဇွဲလားတွင် မိုးသည်းထန် မြစ်ရေလျှံပြီး လူ ၂၀ ကျော်သေဆုံး၊ ၅၀ ကျော်ပျောက်ဆုံးနေ

ဗင်နီဇွဲလားနိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်ပြီး မြစ်ငယ်ငါးစင်း ရေလျှံခဲ့လို့ လူ ၂၂ ဦး ထက်မနည်း သေဆုံးကာ ၅၂ ဦး ပျောက်နေတယ်လို့ ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီရိုဒရီဂက်ဇ်က အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။
စနေနေ့ညက မိုးရွာလို့ မြို့တော် ကာရာကတ်စ်ရဲ့ အနောက်တောင်ဘက် မိုင် ၄၀ အကွာ တောင်တန်းတွေက သစ်ပင်ကြီးတွေနဲ့ အပျက်အစီးတွေ မျောပါခဲ့တာပါ။
စီးပွားရေးလုပ်ငန်းတွေနဲ့ လယ်ယာမြေတွေ ပျက်စီးခဲ့တယ်လို့ ရိုဒရီဂက်ဇ်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။
မြို့အနှံ့ ရွှံ့နွံကျောက်တုံးတွေအောက်မှာ ပိတ်မိနေတဲ့လူတွေကို ဦးစားပေးအနေနဲ့ ရှာဖွေဖို့ဖြစ်ပြီး တပ်မတော်နဲ့ ကယ်ဆယ်ရေးသမားတွေကလည်း အသက်ရှင်ကျန်ရစ်သူတွေကို မြစ်ကမ်းပါးတွေမှာ ရှာဖွေနေတယ်လို့ ဒုတိယသမ္မတက ပြောပါတယ်။
ရေကြီးနေတဲ့ မြစ်တွေထဲက တခုဖြစ်တဲ့ အယ်လ်ပါတိုမြစ်ကြောင့် အိမ်တွေ ဈေးဆိုင်တွေနဲ့ သားသတ်ရုံအများအပြား မျောပါသွားခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင် အယောက် ၁၀၀၀ က ဒေသတွင်း ဒုက္ခသည်တွေကို ရှာနေတယ်လို့ နိုင်ငံရဲ့ အရပ်ဘက်ကာကွယ်ရေးစနစ်ဆိုင်ရာ လက်ထောက်ဝန်ကြီး ကားလို့စ် ပီရက်ဇ်က တနင်္ဂနွေနေ့မှာ တွစ်တာလူမှုကွန်ယက်ကနေ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ရေကြီးမြေပြိုတာတွေ ကြုံတွေ့နေရတဲ့ လာနီနာ ရာသီဥတုပုံစံကြောင့် မကြာသေးမီ သီတင်းပတ်တွေအတွင်း စုစုပေါင်း ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။