အမေရိကန်နိုင်ငံ ဘက်ဖလိုးမြို့မှာ ပြီးခဲ့တဲ့ မေ ၁၄ ရက်က ဖြစ်သွားတဲ့ လူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှုဟာ အကြမ်းဖက်မှုသက်သက် ဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
လူမျိုးရေးအမုန်းတရားပေါ် အခြေခံပြီး ဖြစ်လာတဲ့ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ သမ္မတဘိုင်ဒင်က လူဖြူကြီးစိုးရေးဝါဒဟာ အဆိပ်အတောက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို အတွေးအခေါ်မျိုးဟာ အမေရိကန် မြေပေါ်မှာ နေရာမရှိဘူးလို့ ဆိုပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဇနီးတို့ဟာ ပစ်ခတ်မှုမှာ သေဆုံးသွားသူတွေအတွက် ပြင်ဆင်ထားတဲ့ ယာယီအထိမ်းအမှတ်နေရာမှာ ပန်းစည်းချခဲ့သလို သေဆုံးသွားတဲ့ လူမည်း မိသားစုတွေနဲ့လည်း တွေ့ဆုံပါတယ်။
မေ ၁၄ ရက် သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နေရာဟာ အာဖရိကန်နွယ်ဖွားတွေ နေထိုင်တဲ့ ရက်ကွက်ဖြစ်ပါတယ်။
အာဏာပိုင်တွေရဲ့ အဆိုအရ အသက် ၁၈ နှစ်အရွယ် ပေတွန်း ဂန်းဒရုန်း ဆိုတဲ့ လူငယ်ဟာ လူမျိုးရေးအမုန်းတရားနဲ့ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့တာလို့ ပြောပါတယ်။
အော်တိုမက်တစ် ရိုင်ဖယ်သေနတ်နဲ့ လူမည်းအများစုကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၁၀ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အမေရကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘက်ဖလိုးမြို့မှာ မတ်လ ၁၄ ရက်က ဖြစ်ခဲ့တဲ့ လူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုဟာ လူမျိုးရေး အမုန်းကို အခြေခံတဲ့ ရာဇဝတ်မှုဖြစ်လို့ တရားရေး ဌာနက စုံစမ်းနေ တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
ကျဆုံး ရဲတပ်ဖွဲ့ဝင်တွေအတွက် ဂုဏ်ပြုတဲ့ အခမ်းအနားမှာ သမ္မတ ဘိုင်ဒင်က အခုလို ပြောတာဖြစ်ပြီး ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကို ပုံမှန် အစီရင်ခံခိုင်းထားတယ်လို့လည်းပြောပါတယ်။
သမ္မတ ဘိုင်ဒင်က “ဒီလိုတွေ ဖြစ်လာရင် အမေရိကန်တွေရဲ့ နှလုံးသားထဲမှာ အမုန်းတရားတွေ စွန်းထင်မနေအောင် ကျနော်တို့ အတူလက်တွဲပြီး လုပ်ဖို့လိုပါတယ်။ ရင်လေးစရာတွေ တကျော့ပြန် ဖြစ်လာတာ မှန်ပေမယ့် ကျနော်တို့ရဲ့ခိုင်မာတဲ့ သံန္နိဋ္ဌာန်က ဘယ်တော့မှ လျော့ပါးသွားမှာမဟုတ်ဘူး”လို့ ပြောပါတယ်။
နယူးယောက်ပြည်နယ်က ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘက်ဖလိုးမြို့မှာ လူဖြူလူငယ် သေနတ်သမား လက်ချက်နဲ့ လူ ၁၀ ယောက် သေဆုံးခဲ့ရပါတယ်။
စားသောက်ကုန်တွေရောင်းတဲ့ စတိုးဆိုင်မှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသွားသူ အများစုက လူမည်းတွေ ဖြစ်ပါတယ်။
သေနတ်ထိမှန်တဲ့ ၁၃ ယောက်မှာ ၁၁ ယောက်က လူမည်းတွေ ဖြစ်ပြီး ၂ ယောက်က လူဖြူတွေ ဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ နောက်ထပ် ၃ ယောက်လည်း ဒဏ်ရာသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် အသက် ၁၈ နှစ်အရွယ် လူဖြူ သေနတ်သမားကို ရဲတွေက ဖမ်းဆီး လိုက်ပြီး လူမျိုးရေး အမုန်းတရားကို အခြေခံတဲ့ ရာဇဝတ်မှု ဖြစ်နိုင်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။