close

ဘက်ဖလိုးပစ်ခတ်မှု အကြမ်းဖက်မှုဖြစ်ကြောင်း အမေရိကန်သမ္မတပြော

အမေရိကန်နိုင်ငံ ဘက်ဖလိုးမြို့မှာ ပြီးခဲ့တဲ့ မေ ၁၄ ရက်က ဖြစ်သွားတဲ့ လူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှုဟာ အကြမ်းဖက်မှုသက်သက် ဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

လူမျိုးရေးအမုန်းတရားပေါ် အခြေခံပြီး ဖြစ်လာတဲ့ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ သမ္မတဘိုင်ဒင်က လူဖြူကြီးစိုးရေးဝါဒဟာ အဆိပ်အတောက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို အတွေးအခေါ်မျိုးဟာ အမေရိကန် မြေပေါ်မှာ နေရာမရှိဘူးလို့ ဆိုပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဇနီးတို့ဟာ ပစ်ခတ်မှုမှာ သေဆုံးသွားသူတွေအတွက် ပြင်ဆင်ထားတဲ့ ယာယီအထိမ်းအမှတ်နေရာမှာ ပန်းစည်းချခဲ့သလို သေဆုံးသွားတဲ့ လူမည်း မိသားစုတွေနဲ့လည်း တွေ့ဆုံပါတယ်။

မေ ၁၄ ရက် သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နေရာဟာ အာဖရိကန်နွယ်ဖွားတွေ နေထိုင်တဲ့ ရက်ကွက်ဖြစ်ပါတယ်။

အာဏာပိုင်တွေရဲ့ အဆိုအရ အသက် ၁၈ နှစ်အရွယ် ပေတွန်း ဂန်းဒရုန်း ဆိုတဲ့ လူငယ်ဟာ လူမျိုးရေးအမုန်းတရားနဲ့ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့တာလို့ ပြောပါတယ်။

အော်တိုမက်တစ် ရိုင်ဖယ်သေနတ်နဲ့ လူမည်းအများစုကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၁၀ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

//
Up