close

လူသတ်သမား

close

January 19, 2022

လူ ၇၇ ဦးသတ်ခဲ့သည့် နော်ဝေလူသတ်သမား တရားရုံးထုတ်စဉ် နာဇီသင်္ကေတ လက်မြှောက်ပြ

လူ ၇၇ ဦးကို သတ်ခဲ့တဲ့ နော်ဝေ လူသတ်သမား ‘အန်ဒါစ် ဘရိဗစ်ခ်’ ကို အကျဉ်းထောင်မှာ ၁၀ နှစ်ကျော်ကြာ ကျခံပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ကြားနာဖို့အတွက် ဇန်နဝါရီ ၁၈ ရက်နေ့က တရားရုံးထုတ်ခဲ့ပါတယ်။

ဘရိဗစ်ခ်ဟာ အစွန်းရောက်လက်ျာဝါဒီဖြစ်ပြီး ၂၀၁၁ ခုနှစ်က အော်စလိုမြို့မှာ ကားဗုံးထောင်ခဲ့တာကြောင့် လူ ၈ ဦး သေဆုံးခဲ့ပြီး၊ ၆၉ ဦးကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခဲ့တာပါ။ သူပစ်သတ်ခဲ့သူ အများစုက လေဘာပါတီရဲ့ လူငယ်ကမ့်စခန်းပွဲတခုမှာ ပါဝင်နေကြတဲ့ ဆယ်ကျော်သက်လေးတွေပါ။

အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ အသက် ၄၂ နှစ်ရှိ ဘရိဗစ်ခ်က တရားရုံးထဲဝင်လာစဉ်မှာ နာဇီသင်္ကေတ ညာလက်ကိုမြှောက်ပြပြီးနောက် လူဖြူကြီးစိုးရေး အရိပ်အမြွက်အချို့ ဖော်ပြခဲ့ပါတယ်။ 

“ငါတို့ လူဖြူနိုင်ငံတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ရပ်ပါ’ ဆိုတဲ့ စာသားအပါအဝင် အင်္ဂလိပ်လိုရေးထားတဲ့ စာရွက်အချို့ သယ်လာပါတယ်။

တရားသူကြီးကို စကားပြောရာမှာ သူ့ကိုသူ လွှတ်တော်ကိုယ်စားလှယ်တဦး ဂိုဏ်မျိုး ဖမ်းခဲ့ပါတယ်။

နော်ဝေနိုင်ငံ အကျဉ်းထောင်တွေဟာ အကျဉ်းသားတွေအတွက် ကမ္ဘာပေါ်မှာ နေပျော်ဖွယ်အရှိဆုံး အကျဉ်းထောင်တွေပါ။ 

အခု ဘရိဗစ်ခ်ဟာ နော်ဝေရဲ့အမြင့်ဆုံးထောင်ဒဏ် ၂၁ နှစ်ကို ကျခံနေပြီး လွတ်ငြိမ်းချမ်းသာခွင့် စောစီးစွာရဖို့အတွက် အယူခံဝင်နေတာပါ။ မနှစ်က  အယူခံကိုလည်း  တရားရုံးက ပယ်ချခဲ့ပါတယ်။

15 mins Ago

December 31, 2020

လူ ၉၃ ဦးကို လည်ပင်းညှစ်သတ်ခဲ့သည့်  အမေရိကန် လူသတ်သမား အသက် ၈၀ တွင် ကွယ်လွန်

လူပေါင်း  ၉၃ ယောက်ကို လည်ပင်းညှစ်သတ်ပြီး အမေရိကန်သမိုင်းမှာ လူအသတ်နိုင်ဆုံး  ဆက်တိုက်လူသတ်သမားလို့ FBI က သတ်မှတ်တဲ့  ဆန်မြူရယ်လစ်တယ်ဟာ ဒီဇင်ဘာ ၃၀ ရက် အသက် ၈၀ အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။  ဆက်တိုက်လူသတ်သမား လစ်တယ်ဟာ ၁၉၈၀ ဝန်းကျင်ကာလက လော့စ်အိန်ဂျလိစ်ကောင်တီမှာ အမျိုးသမီး ၃ ယောက်ကို သတ်ဖြတ်မှု၊ အခင်းနေရာတွေမှာ တွေ့ရတဲ့ သဲလွန်စ ဒီအင်န်အေ စစ်ချက်တွေအရ သူနဲ့ဆက်နွှယ်နေတဲ့ လူသတ်မှုတွေအတွက်  ခံဝန်ကတိနဲ့ လွှတ်ပေးတာ မရှိတဲ့ တစ်သက်တကျွန်း ပြစ်ဒဏ် ၃ ခုကို ကျခံနေတာပါ။   လော့စ်အိန်ဂျလိစ်ကောင်တီ ဂျူရီအဖွဲ့က လစ်တယ်ဟာ ပြစ်ဒဏ်အကြီးဆုံး လူသတ်မှု ကျူးလွန်ခဲ့တယ်လို့  ၂၀၁၄ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။  နှစ်လအကြာမှာတော့ လစ်တယ်ဟာ သူရဲ့ ပြစ်ဒဏ်ကို စတင်ကျခံခဲ့ပါတယ်။  ၁၉၇၀ ကနေ ၂၀၀၅ ခုနှစ်အတွင်း လူပေါင်း ၉၃ ယောက်ကို လည်ပင်းညှစ် သတ်ခဲ့တယ်ဆိုတာကိုလည်း လစ်တယ်က ဝန်ခံခဲ့ပါတယ်။ သူ့ကို လန်ကတ်စတာမြို့က ပြည်နယ်အကျဉ်းထောင်မှာ အကျဉ်းချထားပေမဲ့  သူဟာ ကယ်လီဖိုးနီးယားဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။   
1 year Ago
Up