ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြုံနေတဲ့ ယီမင်နိုင်ငံ အတွက် ဖေဖော်ဝါရီ ၂၇ ရက်က အလှူရှင်တွေဆီက ရတဲ့လှူဒါန်းငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ လောက်ကို ကုလသမဂ္ဂ ထောက်ပံ့ကူညီမှုအစီအစဉ်နဲ့ ပေးအပ်ခဲ့ပါတယ်။
ထောက်ပံ့ငွေမလုံလောက်လို့ ကုလသမဂ္ဂအေဂျင်စီတွေဟာ စားနပ်ရိက္ခာတွေအပါအဝင် ယီမင်အကူအညီပေးရေးစီမံကိန်းတွေကို လွန်ခဲ့သည့်နှစ် နည်းနည်းအတွင်း အရှိန်လျော့ခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်က တောင်းခံထားတဲ့ ဒေါ်လာ ၄ ဒသမ ၂၇ ဘီလီယံထဲက ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကို အလှူရှင်တွေက ပေးခဲ့တယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေက ဆိုထားပါတယ်။
ယီမင်ရဲ့ ထိပ်တန်းအလှူရှင် အမေရိကန်က အခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုအတွက် ဒေါ်လာ ၄၄၄ သန်းကျော် ကတိပြုခဲ့တာပါ။
ယီမင်စစ်ပွဲ စတင်ချိန်ကစပြီး စုစုပေါင်း အလှူငွေ ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က "စီးပွားရေးဟာ အခက်အခဲတွေ ကြီးကြီးမားမား ကြုံတွေ့နေရပြီး အခြေခံ ဝန်ဆောင်မှုတွေ ပြိုလဲမယ့် အန္တရာယ်နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက် တွေဆက်မြင့်တက် နေတယ်၊ လက်လှမ်းမီမှုက ကန့်သတ်ချက်ရှိပြီး နှစ်ရှည်ရန်ပုံငွေ နည်းပါးနေသေးတယ်”လို့ ပြောပါတယ်။
အခုနှစ် ရန်ပုံငွေရှာဖွေတာ စတင်မယ့် အဆင့်မြင့် ကတိကဝတ်ပြုပွဲကို ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့က ပူးတွဲကျင်းပခဲ့တာပါ။
ကမ္ဘာ့ကုလသမဂ္ဂက အခုနှစ်မှာ ထောက်ပံ့ ကူညီနိုင်ဖို့ စံချိန်တင် အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၅ ဘီလီယံ လိုအပ်တယ်လို့ ပြောထားပါတယ်။
ယီမင်နိုင်ငံရဲ့ ရှစ်နှစ်ကြာ ပဋိပက္ခဟာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာ မြို့တော် ဆာနာကနေ နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရ ဖယ်ရှားခဲ့တဲ့ အီရန်နောက်ခံပြု ဟူသီအုပ်စုကို ဆော်ဒီအာရေးဗီးယား ဦးဆောင်တဲ့ စစ်ဘက်ညွန့်ပေါင်း အဖွဲ့က ဆန့်ကျင်ရာက ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ရှစ်နှစ်အတွင်း ပထမဆုံးအနေနဲ့ စီးပွားရေးဆိုင်ရာ ကုန်တင်သင်္ဘောတွေဟာ ဟူသီတွေ ထိန်းချုပ်ထားတဲ့ ဟိုဒေးဒါဆိပ်ကမ်းဆီ ဖေဖော်ဝါရီ ၂၅ရက်က ဆိုက်ကပ်ခဲ့တယ်လို့ ဆိပ်ကမ်း အရာရှိတွေက ပြောခဲ့ပါတယ်။
ဒီသင်္ဘောတွေက ကုလသမဂ္ဂ ယီမင်ဆိုင်ရာ စစ်ဆေး အတည်ပြုရေး လုပ်ထုံးလုပ်နည်း (UNVIM) ရဲ့ ကင်းရှင်းကြောင်း အတည်ပြုချက်ရထားပြီးသား ဖြစ်တယ်လို့ ဆိပ်ကမ်း အရာရှိတွေက ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဒီဇင်ဘာ ၉ ရက်က လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်မှုတွေကို ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုကနေ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။
အမေရိကန်နဲ့ အိုင်ယာလန်တို့က အဆိုပြုတဲ့ အဲဒီဆောင်ရွက်ချက်ကို ထောက်ခံမဲ ၁၄ မဲ၊ အိန္ဒိယက ကြားနေမဲ ၁ မဲနဲ့ အတည်ပြုခဲ့တာပါ။
လာမယ့်နှစ်မှာ လူပေါင်း ၆၅ သန်း အကူအညီ ထပ်လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး နိုင်ငံပေါင်း ၆၈ နိုင်ငံမှာ စုစုပေါင်း ၃၃၉ သန်းအထိ တိုးလာမှာဖြစ်လို့ ၂၀၂၃ ခုနှစ်အတွက် အကူအညီငွေ ဒေါ်လာ ၅၁ ဒသမ ၅ ဘီလီယံအတွက် ပန်ကြားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကို ထိခိုက်လာတဲ့အခါ လုံခြုံရေးကောင်စီဟာ အစဉ်အလာအတိုင်း ကိစ္စရပ် တခုချင်းအလိုက် ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။
ဒီဇင်ဘာ ၉ ရက်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေအတွက် အထောက်အပံ့ဟာ ကုလသမဂ္ဂက ပိုင်ဆိုင်မှုရပ်တန့်ထားတဲ့ ဘယ်လို ကိစ္စအတွက်မဆို စည်းမျဉ်းချိုးဖောက်ခြင်း မဟုတ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နဲ့ ကုလသမဂ္ဂနဲ့လုပ်ဆောင်နေတဲ့ အကူအညီပေးရေးအဖွဲ့တွေလို ကုလသမဂ္ဂအထွေထွေညီလာခံ လေ့လာသူအဆင့်ရှိတဲ့ လူသားချင်းစာနာမှုအဖွဲ့တွေနဲ့ သက်ဆိုင်နေပါတယ်။