close

လူသားချင်းစာနာမှုဆိုင်ရာကိစ္စများ ပိတ်ဆို့မှုမှ ကုလလုံခြုံရေးကောင်စီ ကင်းလွတ်ခွင့်ပေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဒီဇင်ဘာ ၉ ရက်က လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်မှုတွေကို ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုကနေ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။

အမေရိကန်နဲ့ အိုင်ယာလန်တို့က အဆိုပြုတဲ့ အဲဒီဆောင်ရွက်ချက်ကို ထောက်ခံမဲ ၁၄ မဲ၊ အိန္ဒိယက ကြားနေမဲ ၁ မဲနဲ့ အတည်ပြုခဲ့တာပါ။ 

လာမယ့်နှစ်မှာ လူပေါင်း ၆၅ သန်း အကူအညီ ထပ်လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး နိုင်ငံပေါင်း ၆၈ နိုင်ငံမှာ စုစုပေါင်း ၃၃၉ သန်းအထိ တိုးလာမှာဖြစ်လို့  ၂၀၂၃ ခုနှစ်အတွက် အကူအညီငွေ ဒေါ်လာ ၅၁ ဒသမ ၅ ဘီလီယံအတွက် ပန်ကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကို ထိခိုက်လာတဲ့အခါ လုံခြုံရေးကောင်စီဟာ အစဉ်အလာအတိုင်း ကိစ္စရပ် တခုချင်းအလိုက် ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။ 

ဒီဇင်ဘာ ၉ ရက်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေအတွက် အထောက်အပံ့ဟာ ကုလသမဂ္ဂက ပိုင်ဆိုင်မှုရပ်တန့်ထားတဲ့ ဘယ်လို ကိစ္စအတွက်မဆို စည်းမျဉ်းချိုးဖောက်ခြင်း မဟုတ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။ 

ဒီဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နဲ့ ကုလသမဂ္ဂနဲ့လုပ်ဆောင်နေတဲ့ အကူအညီပေးရေးအဖွဲ့တွေလို ကုလသမဂ္ဂအထွေထွေညီလာခံ လေ့လာသူအဆင့်ရှိတဲ့ လူသားချင်းစာနာမှုအဖွဲ့တွေနဲ့ သက်ဆိုင်နေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up