close

လူ ၂၀၀၀

close

February 4, 2023

အိန္ဒိယတွင် အသက်မပြည့်သည့်မိန်းကလေးများအား လက်ထပ်ရန်စီစဉ်သည့် လူ ၂၀၀၀ ကျော် ဖမ်းဆီးခံရ

အာသံရဲတပ်ဖွဲ့ဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေနဲ့ လက်ထပ်တာနဲ့ လက်ထပ်ဖို့ စီစဉ်တာတွေအတွက် အမျိုးသား ၂၀၀၀ ကျော်ကို ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယအရှေ့ပိုင်းပြည်နယ်၀န်ကြီးချုပ်က ဖေဖော်ဝါရီ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ရဲတပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းမှာ စတင်ဖမ်းဆီးခဲ့ပြီး ခရိုင်အသီးသီးမှာဖမ်းဆီးခံရသူတွေ ပိုများနိုင်တယ်လို့ အာသံရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဂျီပီဆင်းန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာ အာသံခရိုင်အသီးသီးမှာ ပထမသတင်းပေးတိုင်ချက်ကို အခြေခံပြီး အရေးယူဆောင်ရွက်ခဲ့တဲ့ အမှုပေါင်း ၄၀၇၄ မှုရှိပြီး ဒေသစံတော်ချိန်မွန်းလွဲ ၃ နာရီ အထိ လူပေါင်း ၂,၀၄၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဘုန်းကြီး ၅၂ ပါး၊ ဗလီ တရားဟောဆရာစ်တွေနဲ့ ဒီလက်ထပ်ပွဲတွေမှာ ပါဝင် ပတ်သက်သူတွေလည်းပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အသက် ၁၈ နှစ်အောက် လက်ထပ်တာဟာ တရားမဝင်ပေမဲ့လည်း ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြတာဖြစ်ပြီး အခုဖမ်းဆီးမှုဟာ ဒီလိုအလေ့အထကို စဉ်ဆက်မပြတ် ဖြိုခွင်းမှုလုပ်သွားမယ့်အစလည်း ဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးသတို့သမီးဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး ၂၂၃ သန်း ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အဲဒီမှာ နှစ်စဉ် အသက်မပြည့်သေးတဲ့ မိန်းကလေး ၁ သန်းခွဲ နီးပါးလောက်ဟာ လက်ထပ်ကြ ကြောင်း ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ အေဂျင်စီ UNICEF က ၂၀၂၀  ပြည့်နှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

13 mins Ago

April 6, 2020

အီတလီ ဘာဂါမိုခရိုင်တွင် ကိုရိုနာကြောင့် တပတ်အတွင်း လူ ၂၀၀၀ ကျော် ဆေးရုံ၌ သေဆုံး

အီတလီနိုင်ငံမြောက်ပိုင်း ဘာဂါမိုခရိုင်တခုတည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ စာရင်းဟာ ဒီသီတင်းပတ်ထဲ တရားဝင်အတည်ပြုချက်အရ သေဆုံးသူ ၂၀၆၀ ရှိပြီး အားလုံးက ဆေးရုံမှာ သေဆုံးသူတွေပါ။  ဒါကြောင့် အိမ်မှာ သေဆုံးသူ ဦးရေပါ ထည့်ပေါင်းရင် တကယ် သေဆုံးသူ ဦးရေဟာ ၂ ဆ ကျော်နိုင်တယ်လို့  ဧပြီလ ၅ ရက် ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  ဆရာဝန်တွေက မစစ်ဆေးမိခင် ရောဂါလက္ခဏာပြ သေဆုံးသူတွေ ရှိသလို ဖုန်းနဲ့ ဆေးဘက်ဆိုင်ရာ အကြံယူမှု အများအပြားကလည်း မထိရောက်ခဲ့တာကြောင့် လွန်ဘာဒီဒေသက မိသားစုဝင်တွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေကို လူတွေ့မေးမြန်းအပြီး ခုလိုတင်ပြခဲ့တာပါ။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဗျူဟာအရ ဆေးပညာဆိုင်ရာ အကြံဉာဏ်တွေ ကို အဝေးကနေ ဖုန်းတွေ အင်တာနက်တွေသုံးပြီး ပေးခဲ့ရလို့ ဆေးဘက်ဝန်ထမ်းတွေဟာ လူနာတွေ ရဲ့ အိမ်ကို သွားပြီး ကြည့်ရှုစစ်ဆေးတာ မလုပ်နိုင်ခဲ့ဘူးလို့လည်း ဆရာဝန်တွေက ပြောပါတယ်။ တကယ်လို့ အိမ်နေလူနာတွေသာ သင့်တော်တဲ့ ဆေးဘက်အကူအညီ ရပါက လူနာ သေဆုံး နှုန်း မြင့်တာကို ရှောင်နိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆရာဝန်တွေက ကူးစက်မခံရအောင် ကာကွယ်နိုင်ဖို့ ကာကွယ်ရေးဝတ်စုံတွေ၊ မျက်နှာဖုံးတွေ လုံလောက်အောင် မရှိတာကြောင့် မလိုအပ်ဘဲ လူနာဆီ မသွားရဲဘူးလို့ ပြောပါ တယ်။ မျက်နှာဖုံးတွေကို ဆေးရုံက ဆရာဝန်တွေကိုပဲ ဦးစားပေးဝေခဲ့တာကြောင့် မိသားစု ဆရာဝန်တွေဟာ မျက်နှာဖုံးမပါဘဲ ကုသပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။  လူနာအများအပြားဟာ ဆေးရုံမှာ သေတာမဟုတ်ခဲ့ကြဘူးလို့ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုကုမ္ပဏီက သူနာပြုတယောက်က ပြောပါတယ်။ “ကျမတို့ဟာ တကယ့် စစ်ပွဲထဲမှာနေရသလိုပဲ အဆုံးသတ်က ဘာမှန်းမသိဘူး။”  အီတလီနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၃၆၈၃၀ ဦး၊ သေဆုံးသူ ၉၆၁၈ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၁၇၉၇၇ ဦးရှိပြီလို့ သိရပါတယ်။
3 years Ago
Up