close

အိန္ဒိယတွင် အသက်မပြည့်သည့်မိန်းကလေးများအား လက်ထပ်ရန်စီစဉ်သည့် လူ ၂၀၀၀ ကျော် ဖမ်းဆီးခံရ

အာသံရဲတပ်ဖွဲ့ဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေနဲ့ လက်ထပ်တာနဲ့ လက်ထပ်ဖို့ စီစဉ်တာတွေအတွက် အမျိုးသား ၂၀၀၀ ကျော်ကို ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယအရှေ့ပိုင်းပြည်နယ်၀န်ကြီးချုပ်က ဖေဖော်ဝါရီ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ရဲတပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းမှာ စတင်ဖမ်းဆီးခဲ့ပြီး ခရိုင်အသီးသီးမှာဖမ်းဆီးခံရသူတွေ ပိုများနိုင်တယ်လို့ အာသံရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဂျီပီဆင်းန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာ အာသံခရိုင်အသီးသီးမှာ ပထမသတင်းပေးတိုင်ချက်ကို အခြေခံပြီး အရေးယူဆောင်ရွက်ခဲ့တဲ့ အမှုပေါင်း ၄၀၇၄ မှုရှိပြီး ဒေသစံတော်ချိန်မွန်းလွဲ ၃ နာရီ အထိ လူပေါင်း ၂,၀၄၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဘုန်းကြီး ၅၂ ပါး၊ ဗလီ တရားဟောဆရာစ်တွေနဲ့ ဒီလက်ထပ်ပွဲတွေမှာ ပါဝင် ပတ်သက်သူတွေလည်းပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အသက် ၁၈ နှစ်အောက် လက်ထပ်တာဟာ တရားမဝင်ပေမဲ့လည်း ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြတာဖြစ်ပြီး အခုဖမ်းဆီးမှုဟာ ဒီလိုအလေ့အထကို စဉ်ဆက်မပြတ် ဖြိုခွင်းမှုလုပ်သွားမယ့်အစလည်း ဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးသတို့သမီးဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး ၂၂၃ သန်း ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အဲဒီမှာ နှစ်စဉ် အသက်မပြည့်သေးတဲ့ မိန်းကလေး ၁ သန်းခွဲ နီးပါးလောက်ဟာ လက်ထပ်ကြ ကြောင်း ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ အေဂျင်စီ UNICEF က ၂၀၂၀  ပြည့်နှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

Up