ဂျာမနီနိုင်ငံမှာ လေဆိပ်ဝန်ထမ်းတွေရဲ့ လစာတိုးပေးရေး သပိတ်ကြောင့် ခရီးသည် ၁ သိန်းလောက်အထိ ထိခိုက်ခဲ့ပြီး ခရီးနှောင့်နှေးမှုတွေ ခဏခဏကြုံနေရလို့ ဒီလိုသပိတ်တွေကို စိတ်ပျက်နေပြီလို့ ခရီးသည်တွေက ပြောပါတယ်။
ဘာလင်၊ ဘရေမန်နဲ့ ဟမ်းဘာ့ဂ်လေဆိပ်တွေက Verdi အလုပ်သမားသမဂ္ဂက လစာပေးချေမှုနဲ့ ပတ်သက်တဲ့ သပိတ်မှောက်ခြင်းကြောင့် မတ်လ ၁၃ ရက်မှာ စီးပွားရေးဆိုင်ရာ လေကြောင်းခရီးစဉ်တွေ ထွက်ခွာမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
လေကြောင်းလုံခြုံရေး ထိန်းချုပ်မှု ဝန်ထမ်းတွေရဲ့ သတိပေးသပိတ်ကြောင့် ဘာလင် ဘရန်ဒန်ဘာ့ဂ်လေဆိပ်မှာ မတ်လ ၁၃ ရက်က လေယာဉ်တွေ ထွက်ခွာမှာမဟုတ်ဘဲ အဝင်လေကြောင်း ခရီးစဉ်တွေကိုလည်း ထိခိုက်နိုင်ကြောင်း ဘာလင်လေဆိပ်ဝက်ဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။
ဟမ်းဘတ်လေဆိပ်ကလည်း ဆိုက်ရောက်ဗီဇာကို နှောင့်နှေးနိုင်တယ်၊ ဒါမှမဟုတ် ဖျက်သိမ်းနိုင်တယ်လို့ ဆိုပါတယ်။ ဘရေမန်က သူ့လေဆိပ်ကနေ ပျံသန်းထွက်ခွာမှုတွေ ရှိမှာမဟုတ်ကြောင်း ပြောကြားပါတယ်။
ဘာလင်ကနေ ထိုင်းနိုင်ငံကိုပျံသန်းမယ့် ခရီးသည် အန်နာဆွန်းတာ့ဂ်က ဒီအားလပ်ရက်အတွက် တနှစ်ပတ်လုံး စုဆောင်းထားခဲ့ပြီး ကိုယ့်ဘက်က အမှားမဟုတ်ဘဲ အခု ဒီမှာ သောင်တင်နေရလို့ စိတ်ညစ်သွားရကြောင်း ပြောပါတယ်။
ဖရန့်ခ်ဖတ်ကနေ ဘာလင်ကို ရောက်ရှိလာတဲ့ မကြာခဏ လေယာဉ်စီးသူ ဒိုဝါတေ ကီးပါ ကလည်း မြေပြင်ဝန်ထမ်းတွေကြောင့် ခရစ္စမတ်မှာ လေယာဉ်ခရီးစဉ်ကို လွတ်သွားခဲ့ရဖူးပြီး အခုလည်း ဒီလူတွေပဲ ဒီတောင်းဆိုမှုတွေကို လုပ်နေတာဖြစ်လို့ ဒီလေဆိပ်သပိတ်တွေကို တဖြည်းဖြည်းနဲ့ကို စိတ်ကုန်လာပြီလို့ ဆိုပါတယ်။
နှစ်ပေါင်းများစွာ ကြာလာခဲ့တဲ့အထိ ညဘက်တွေ၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေနဲ့ ဘဏ်ပိတ်ရက်တွေမှာလည်း အလုပ်ဆင်းရတာတွေအတွက် လစာငွေ တိုးပေးဖို့ကိစ္စ အငြင်းပွားမှုတွေကြောင့် ဘာလင်လေဆိပ်မှာ လုံခြုံရေးဝန်ထမ်းတွေကို သပိတ်မှောက်ကြဖို့ Verdi အလုပ်သမားသမဂ္ဂက တောင်းဆိုထားတာပါ။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဘေးကာလနဲ့ ယူကရိန်းမှာ စစ်ပွဲတွေဖြစ်ပွားပြီးနောက်မှာ စားသောက်ကုန်နဲ့ စွမ်းအင်စျေးနှုန်းတွေ မြင့်မားလာပြီး ဝင်ငွေနဲ့ လူနေမှုအဆင့်အတန်း ကျဆင်းလာတာကြောင့် ပြင်သစ်၊ ဗြိတိန်နဲ့ စပိန်တို့ အပါအဝင် ဥရောပနိုင်ငံကြီးတွေရဲ့ စီးပွားရေးကို ထိခိုက်စေခဲ့တဲ့ သပိတ်နဲ့ ဆန္ဒပြမှုတွေထဲမှာ အခုဆန္ဒပြမှုက နောက်ဆုံးဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ ဘာလင် ဘရန်ဒန်ဘာ့ဂ်လေဆိပ်မှာ ဝန်ထမ်း ၆,၀၀၀ လောက်က လစာတိုးပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာကြောင့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ လေကြောင်းခရီးစဉ် ၃၀၀ လောက်ကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည် ၃၅,၀၀၀ နီးပါး ထိခိုက်ခဲ့ရပါတယ်။
ဒီသပိတ်ဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း နိုင်ငံတွင်း ပထမဆုံးအကြိမ် သပိတ်မှောက်မှုဖြစ်ပြီး အလုပ်တွေရပ်နားလိုက်မှုကြောင့် လေယာဉ်ခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရတာပါ။
“ဂရိနိုင်ငံ အေသင်ကို မနက် ၅ နာရီ ခရီးသွားဖို့ စီစဉ်ထားလို့ မနက်စောစော အိပ်ရာထပြီး ကီလိုမီတာ ၅၀၀ ကားမောင်းလာခဲ့ပေမဲ့ ဒီကိုရောက်မှ လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ရတယ်” လို့ လေဆိပ်မှ ခရီးသွားတဦးက ပြောပါတယ်။
အဲဒီနေ့အစောပိုင်းက ဝန်ထမ်းအင်အား ၁,၅၀၀ လောက်ဟာ ဂိတ်ရှေ့မှာ လစာတိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဂျာမန်အလုပ်သမားသမဂ္ဂ Verdi ရဲ့ အဆိုအရ သပိတ်မှောက်မှုကို ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီခွဲကနေ တနေကုန်တဲ့အထိ အချိန်သတ်မှတ်ထားကြောင်း သိရပါတယ်။
“ဒီအချိန်မှာ Verdi က စတင်လိုက်တဲ့ သပိတ်ကြောင့် လေဆိပ်မှာရှိတဲ့ ကုမ္ပဏီ အတော်များများ စိတ်ပူသွားကြပြီး အထူးသဖြင့် လုံခြုံရေးတွေ၊ ခရီးသည်တွေအတွက် check-in လုပ်ငန်းစဉ်ကို လုပ်ပေးရတဲ့ မြေပြင်ဝန်ဆောင်မှု ဝန်ထမ်းတွေအပြင် လမ်းကြောင်းရှင်းပေးသူတွေနဲ့ မီးသတ်သမားတွေလည်း စိတ်ပူကုန်ကြတယ်။ ဒါကြောင့် ဒီနေ့ ဘာလေယာဉ်မှ အဆင်းအတက် မရှိပါဘူး” လို့ ဘာလင် ဘရန်ဒန်ဘာ့ဂ်လေဆိပ်ရဲ့ သတင်းပြန်ကြားရေး အရာရှိ ဆာဘီးနဲ ဒခ်ဗက်သ်က ပြောပါတယ်။