စပိန်ကာကွယ်ရေးဝန်ကြီး မစ္စမာဂရီတာရိုဘလ်စ်က ဘူလ်ဂေရီးယားနိုင်ငံမှာ တပ်စွဲထားတဲ့ စပိန်လေတပ် တပ်ဖွဲ့ဝင်တွေကို သွားရောက်တွေ့ဆုံပြီး ယူကရိန်းဟာ အချုပ်အခြာနယ်မြေအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိတယ်လို့ ပြောခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အရှေ့ဥရောပရှိ မိတ်ဖက်နိုင်ငံတွေကို ကာကွယ်ဖို့ တပ်တွေ အားဖြည့်ချထားနေချိန်မှာ စပိန် ယူရိုဖိုက်တာဂျက် လေးစင်းကလည်း ဒီလအစောပိုင်း ဘူလ်ဂေးရီးယားကို ရောက်ရှိခဲ့တာပါ။
မစ္စမာဂရီတာက ဒေသတွင်းတည်ငြိမ်ဖို့နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ စပိန်တပ်တွေ ဘူလ်ဂေးရီးယားမှာ အားဖြည့်ချထားတာဖြစ်ကြောင်း၊ ဒါပေမဲ့ ရုရှားရဲ့ ယူကရိန်းအပေါ် ပြဿနာရှာနေမှုကို သံတမန်နည်းလမ်းနဲ့ အဖြေရှာမှုကသာ အကောင်းဆုံးဖြစ်ကြောင်း ပြောပါတယ်။
“ဘူလ်ဂေးရီးယား ဝေဟင်ကို အခုလို စောင့်ရှောက်ရတဲ့ ရည်ရွယ်ချက်က တခုတည်းပါ။ ဒေသတွင်း တည်ငြိမ်ဖို့ပါ။ နောက်ရည်ရွယ်ချက်က အခုလို တပ်တွေချထားပေးမှုကတဆင့် သံတမန်ရေးနည်းလမ်းနဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေဖို့ပါ” လို့ ပြောပါတယ်။
တရုတ်လေတပ်က ထိုင်ဝမ်လေကြောင်းရန် ကာကွယ်ရေးဇုန်ထဲကို လေးရက်ကြာ အင်အားအလုံးအရင်းနဲ့ ကျူးကျော် ပျံသန်းခဲ့လို့ တင်းမာမှုတွေ မြင့်တက်လာအပြီး အနောက်ဘက်ခြမ်းက မြို့တော်တွေနဲ့ ထိုင်ပေမြို့တော်တို့မှာ တပ်လှန့်သံ ဆူညံခဲ့ပါတယ်။
ထိုင်ပေမြို့တော်ကနေ လေယာဉ်နဲ့ တနာရီသာ ကွာဝေးတဲ့ ကင်မန်ကျွန်းပေါ်က ခရီးသွားလုပ်ငန်း ဌာဝန်ထမ်းကတော့ ကျွန်းဟာ ဘေးကင်းနေဆဲဖြစ်ပြီး ရေလက်ကြား ဖြတ်ကျော် တင်းမာမှုတွေကြောင့် ဒေသတွင်း စီးပွားရေးနဲ့ လူနေမှုဘဝအပေါ် ဘယ်လို သက်ရောက်မှုမှ မရှိသေးဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ကင်မန်ကျွန်းပေါ်မှာ တိုက်ပွဲပြင်းထန်ချိန်က စစ်သည်အင်အား တသိန်း ရှိခဲ့ပြီး ခုတော့ အင်အားအများကြီး လျှော့ချထားတဲ့ မြို့စောင့်တပ်သာ ကျန်ပါတယ်။
ထိုင်ဝမ်သား စစ်မှုထမ်းဟောင်း ချန်အင်းဝမ်ဟာ တရုတ်ကမ်းရိုးတန်းနဲ့ ၁ ဒသမ ၉ မိုင်သာ ဝေးပြီး ထိုင်ဝမ်က ထိန်းချုပ်ထားတဲ့ ကင်မန်ကျွန်းရဲ့ ကျောက်ဆောင် အစွန်အဖျားအထိ သွားပြီး ထိုင်ဝမ်ကျွန်းနဲ့ အင်မတန်နီးနီးကို ရောက်လာတဲ့ တရုတ်ငါးဖမ်းသင်္ဘောတွေကို သူ ဘယ်လို မီးကျည်နဲ့ ပစ်သလဲဆိုတာကို သရုပ်ပြခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးကြား ကင်မန်ကျွန်းဟာ ၁၉၅၈ ခုနှစ်က စစ်အေးခေတ် အထွတ်အထိပ် ရောက်ချိန် အကြီးစားတိုက်ပွဲဖြစ်ခဲ့ရာ နေရာဖြစ်ပြီး ဆယ်စုနှစ်ချီကြာပြီးတဲ့နောက် စစ်ပွဲ အမှတ်တရတွေ မှေးမှိန်လာခဲ့ပါတယ်။
ကျောက်တုံးတွေအောက်မှာ တူးထားတဲ့ ကတုတ်ကျင်းတွေအတွင်း ကင်းပုန်းဝပ်နေတဲ့ စစ်သည်တွေ ရှိနေပါတယ်။ ထိုင်ဝမ်နဲ့မတူဘဲ ကင်မန်ကျွန်းသားတွေက သူတို့ကိုယ်သူတို့ တရုတ်တွေလို့ ပွင်ပွင့်လင်းလင်း ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။
ဒေသခံတချို့ကတော့ ကွန်မြူနစ်တွေရဲ့ တိုက်ခိုက်မှုကနေ ရှောင်ဖို့ လေကြောင်းစီးနင်းမှုတွေကနေ ပုန်းကွယ်နေရတဲ့ အတိတ်ဟောင်းဆီ ပြန်မသွားချင်ကြတော့ဘူးလို့ ဆိုရင်တောင် မျိုးဆက်သစ်တွေက ဘယ်လိုတွေးမလဲ မသိဘူးလို့ ဒေသခံ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးက အကောင်းဆုံးအဖြေ ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြပါတယ်။