close

လေပြင်းမုန်တိုင်း

close

April 26, 2023

မိုးညှင်းမြို့နယ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး နေအိမ်အလုံး ၅၀ ကျော်ပျက်စီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာမှာ ဧပြီ ၂၅ ရက် ညနေပိုင်းက လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦ အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးသီးတွေ ကြွေကျတာကြောင့် နေအိမ်အမိုးတွေလန်တာ၊ လျပ်စစ်ဓာတ်ကြိုးတွေ ပြတ်ကျတာ၊ သစ်ပင်တွေ လဲပြိုတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကျေးရွာဒေသခံတဦးက “ညနေ ၄ နာရီလောက်က မုန်တိုင်းကျပြီး မိုးသီးတွေကြွေတာ။ တနာရီလောက်ကြာတယ်။ အဆောက်အဦတွေ ထိခိုက်ပျက်စီးတာ အလုံး ၅၀ ကျော်လောက်ရှိတယ်။ သွပ်မိုးတွေ လန်တယ်၊ သစ်ပင်တွေ လဲတယ်၊ ဓာတ်ကြိုးတွေ ပြတ်ကျတယ်။ လေက အတော်ပြင်းတယ်” လို့ ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အဦ အပါအဝင် ဘုန်းကြီးကျောင်း၊ သုသာန်မီးသင်္ဂြိုဟ်စက်၊ လူမှုရေးဓမ္မာရုံ စတဲ့ အဆောက်အဦ အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့တာပါ။

မိုင်းနောင်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေ ကြွေကျခဲ့တဲ့အတွက် ကျေးရွာယာယီဈေး အပါအဝင် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

9 mins Ago

May 23, 2022

ပေါက်တောမြို့နယ်တွင် လေပြင်းကြောင့် ငါးဖမ်းစက်လှေ တိမ်းမှောက်၊ ၂ ဦး သေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ လေပြင်းတိုက်ခတ်တာကြောင့် စက်လှေတိမ်းမှောက်ပြီး ငါးဖမ်းသမားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မေ ၂၁ ရက်နေ့လယ်ပိုင်းမှစတင်ကာ ရုတ်တရက် လေပြင်း တိုက်ခတ်ခဲ့တာကြောင့် မြေပုံမြို့နယ်က ငါးဖမ်းစက်လှေ ၁၈ စီးနဲ့ ခရီးသည်တင်စက်လှေ ၁ စီးနစ်မြုပ်ခဲ့ပြီး လူအသေအပျောက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပေါက်တော ကျောက်မောင်းရွာသားတဦးက “ဟုတ်တယ်။ မြေပုံနဲ့ ကျောက်ဖြူက ငါးဖမ်းဘုတ်တွေ နစ်မြုပ်ခဲ့ပေမယ့် အသေအပျောက်မရှိခဲ့ကြလို့ ဝမ်းသာနေကြတာ။ ပေါက်တောမှာ အဲဒီနေ့ကပဲ ငါးဖမ်းစက်လှေနစ်မြုပ်ပြီး သူတို့ ၂ ယောက်ပျောက်နေတာ မနေ့က မှ အလောင်းရှာတွေ့လို့ ရွာမှာပဲ သင်္ဂြိုဟ်လိုက်ကြတယ်” လို့  ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာက ကိုငယ်မောင်ချေ (၂၈ နှစ်) နဲ့ ကိုနုစိန်အောင် (၂၅ နှစ်) တို့ ဖြစ်ကြပြီး ကိုငယ်မောင်ချေမှာ ဇနီးနဲ့ သားသမီး ၅ ဦး၊ ကိုနုစိန်အောင်မှာတော့ ဇနီးနဲ့ သမီး ၂ ဦးကျန်ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးဟာ မေ ၂၁ ရက် ညနေပိုင်းက ပေါက်တောမြို့နယ် နဲ့ မြေပုံမြို့နယ်ကြားရှိ မြစ်ပြင်မှာ ငါးဖမ်းစက်လှေငယ်တစီးနဲ့ ပိုက်ချနေကြစဉ် ရုတ်တရက် လေပြင်း တိုက်ခတ်ခဲ့တာကြောင့် စက်လှေတိမ်းမှောက် ပျောက်ဆုံးသွားပြီး မေ ၂၂ နေ့မှာ ငါးဖမ်းသမားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ခဲ့တာပါ။

ဓာတ်ပုံ - ကိုညီဒေါင်းချေ

11 months Ago
Up