close

လေယာဉ် ပျက်ကျ

close

November 7, 2022

တန်ဇန်းနီးယားတွင် ခရီးသည်တင်လေယာဉ် ပျက်ကျပြီး ၁၉ ဦးထက်မနည်း သေဆုံး

တန်ဇန်းနီးယားနိုင်ငံမှာ ခရီးသည်တင်လေယာဉ်တစီး ဗစ်တိုးရီးယားရေကန်နားက လေဆိပ်တခုမှာ နိုဝင်ဘာ ၆ ရက်က ဆင်းသက်ဖို့ ကြိုးစားနေတုန်း ရေကန်ထဲ ပျက်ကျခဲ့တာကြောင့် လူ ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တန်ဇန်းနီးယားဝန်ကြီးချုပ်နဲ့ လေကြောင်းလိုင်းတို့က ပြောပါတယ်။

ပရီစစ်ရှင်းအဲရ် လေကြောင်းလိုင်းက ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ် အမှတ် PW494 ဟာ မုန်တိုင်းကြောင့် မိုးသည်းထန်နေချိန်မှာ ရေပြင်ပေါ် ပျက်ကျခဲ့တာလို့ တန်ဇန်းနီးယား အသံလွှင့်ကော်ပိုရေးရှင်း (TBC) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပိတ်မိနေတဲ့ ခရီးသည်တွေကို ကယ်ထုတ်ဖို့ လုံးဝနစ်မြုပ်လုနီးပါးဖြစ်နေတဲ့ အပျက်အစီးတွေဆီကို ကယ်ဆယ်ရေးသမားတွေက လှေတွေနဲ့ အမြန်ပြေးခဲ့ကြတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။

“အလောင်း ၁၉ လောင်းကို ဆယ်လို့ရထားတယ်။ ဘယ်မှာရှိမှန်း မသိရသေးတဲ့ လူ ၂ ဦးရှိတယ်” လို့ ဝန်ကြီးချုပ် ကက်ဆင် မာဂျာလီဝါက လေယာဉ်ပျက်ကျတဲ့ ရေကန်ဘေးက ဘူကိုဘာမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာကို စုံစမ်းရေးမှူးတွေက ရှာဖွေနေတယ်လို့ သူက ဆက်ပြောပါတယ်။

13 mins Ago

December 16, 2021

ဒိုမီနီကန်နိုင်ငံတွင် လေယာဉ် ပျက်ကျ၊ ပွါတိုရီကန်တေးဂီတထုတ်လုပ်သူအပါအဝင် ၉ ဦးသေဆုံး

ဒိုမီနီကန်သမ္မတနိုင်ငံ ဆန်တိုဒိုမင်ဂိုမြို့ အပြင်ဘက်မှာ ဒီဇင်ဘာ ၁၅ ရက်က ကိုယ်ပိုင်ဂျက်လေယာဉ်တစင်း ပျက်ကျခဲ့ရာမှာ ပွါတိုရီကန် တေးဂီတထုတ်လုပ်သူ Flow La Movie အပါအဝင် လေယာဉ်ပေါ်ပါ လူကိုးဦးလုံး သေဆုံးခဲ့တယ်လို့ လေကြောင်းလိုင်းနဲ့ ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

Las Americas လေဆိပ်မှာ ပျက်ကျခဲ့တဲ့ Gulfstream GIVSP လေယာဉ်ဟာ လေယာဉ်အမှုထမ်း နှစ်ဦး၊ ခရီးသည် ခုနစ်ဦးတို့နဲ့အတူ မိုင်ယာမီကို ထွက်ခွာသွားခဲ့တာလို့ လေယာဉ်ကုမ္ပဏီ Helidosa Aviation Group က ပြောပါတယ်။

မတော်တဆမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို ကုမ္ပဏီက ဖော်ထုတ်ပြောဆိုခြင်းမရှဘဲ Helidosa အတွက် ဒီမတော်တဆမှုက ကြီးစွာသော နာကျင်မှုနဲ့ ဝမ်းနည်းမှုကို ဖြစ်စေပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒိုမီနီကန်သတင်းစာ Listin Diario နဲ့ ဂီတမဂ္ဂဇင်း Billboard အရ Helidosa စာရင်းဝင် ခရီးသည်တွေထဲမှာ နာမည်ကျော် Flow La Movie တေးဂီတကို ဖန်တီးခဲ့တဲ့ အနုပညာရှင် Jose Angel Hernandez နဲ့ သူ့ဇနီး Debbie Von Marie Jimenez Garcia တို့လည်း ပါဝင်သွားတယ်လို့ ဆိုပါတယ်။ 

ဒီလေယာဉ်ပျက်ကျမှုထဲမှာ သူတို့ရဲ့သားဖြစ်သူ Jayden Hernandez လည်း သေဆုံးသွားတယ်လို့ Listin Diario နဲ့  Billboard  တို့က ပြောထားပါတယ်။ 

11 months Ago
Up