close

လောင်းရှည်

close

August 3, 2022

လောင်းရှည်ရွာတွင် စစ်ရှောင်ပြည်သူ ၃ ဦးဖမ်းဆီးခံရပြီး လူငယ်တဦးအား စစ်တပ်က ရိုက်နှက် သတ်ဖြတ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လောင်းရှည်ရွာမှာ စစ်ဘေးရှောင်ပြည်သူ ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည့်သေးတဲ့ လူငယ်တဦးကို စစ်ကောင်စီတပ်က ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF) ရဲ့ ဩဂုတ် ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF) အမှတ် (၆) တပ်ရင်း (၃၉၀၆) တို့ နဂါးပွက်တောင်တိုက်ပွဲအပြီး စစ်ဘေးရှောင်ပြည်သူ ဦးနေမျိုးမောင်၊ ဖြိုးဇေယျာကျော်၊ ၁၇ နှစ်အရွယ် မောင်ပြည့်စုံထွန်းတို့ ၃ ဦး ဖမ်းဆီးခံခဲ့ရတာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် ၂၈ ရက်က ဦးဖိုးချစ်၊ ဒေါ်တောသူမတို့ရဲ့သား မောင်ပြည့်စုံထွန်းဟာ မိဘတွေဆီပြန်ဖို့အတွက် မောင်ဖြိုးဇေယျာကျော်ကို အဖော်အဖြစ်လိုက်ပါဖို့ ခေါ်ဆောင်သွားခဲ့ပြီး တောတွင်းလမ်းတနေရာမှာ စစ်ကောင်စီတပ်ရဲ့ ကင်းလှည့်အဖွဲ့နဲ့တွေ့ပြီး အဖမ်းခံခဲ့ရတာပါ။

နောက်နေ့မှာ သားဖြစ်သူ ပြန်ရောက်မလာတာကြောင့် မောင်ဖြိုးဇေယျာကျော်ရဲ့ ဖခင်ဖြစ်သူ ဦးနေမျိုးက လိုက်လံရှာဖွေရင်း အရင်နေခဲ့ဖူးတဲ့ ကန်ဇွန်းမ မြောက်ဘက် ယူနီကယ်တဲတိုက်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ မောင်ပြည့်စုံထွန်းနဲ့ မောင်ဖြိုးဇေယျာကျော်တို့ကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်စစ်ဆေးပြီး သူတို့မိဘတွေရှိရာနေရာကို လိုက်ပြခိုင်းရင်း ယူနီကယ်တဲတိုက်ကို ရောက်ရှိလာကြကာ အဲဒီတဲတိုက်မှာရှိနေတဲ့ ဦးနေမျိုးကို တွေ့ရှိပြီး ပျဥ်ချောင်းထန်းလက်ပြားတို့နဲ့ ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် အသက် ၁၇ နှစ်အရွယ် သားဖြစ်သူ ဖြိုးဇေယျာကျော်ဟာ ဖခင်ရှေ့မှာပဲ စစ်ကောင်စီတပ်က ရိုက်နှက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ မောင်ဖြိုးဇေယျာကျော်ရဲ့အလောင်းနဲ့ ၁၆ နှစ်အရွယ် မောင်ပြည့်စုံထွန်းတို့ကို ခေါ်ဆောင်သွားခဲ့ပြီး မောင်ပြည့်စုံထွန်း အသက်သေဆုံးခြင်း ရှိမရှိ သေချာမသိရသေးဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဦနေမျိုးကို LSRPDF တပ်ဖွဲ့မှ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးပြီး လုံခြုံစိတ်ချရတဲ့ နေရာမှာ ကူညီစောင့်ရှောက်ထားတယ်လို့ LSRPDF သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

8 mins Ago

July 19, 2022

လောင်းရှည်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦးခန့် သေဆုံး၊ အများအပြားဒဏ်ရာရ

မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်ဒေသမှာ ဇူလိုင် ၁၈ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီစစ် ကြောင်းနဲ့ လောင်းရှည် LSR PDF(YRPA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ LSR-PDF က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစတင်ကာ ဆိပ်ဖြူမြို့နယ် ပိုင်း၊ ရှားလှ၊ ဝန်ကြီးကုန်းရွာတွေဘက်ကို အင်အား ၂၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာပြီး  ဇူလိုင် ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ ယောနယ်ထဲက စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေကို ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ LSR-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မာဂ က ဒီဗွီဘီကို ပြောပါတယ်။

“ရေဘုတ်ကျေးရွာနဲ့ မိုင်တိုင်အမှတ် ၄၄ နားအရောက်မှာ ကျနော်တို့ LSR-PDF က ပဒေသာမိုင်း ၄ လုံးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ယောက်လောက်ပွဲချင်းပြီး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်။ စစ်(...)အလောင်းတွေ သယ်သွားတာကိုတော့ ကျနော်တို့ သေသေချာချာ မကြည့်လိုက်နိုင်ဘူး။ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်သလို သူတို့ဘက်က အနီးနားပတ်ဝန်းကျင်တွေကိုပါ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ကျနော်တို့လူတွေ အထိခိုက်အကျဆုံးမရှိဘဲ နေရာရွှေ့ပြောင်းလိုက်ရလို့ သေချာမစောင့်ကြည့်နိုင်ခဲ့ဘူး။ တိုက်ပွဲအတွင်းမှာတော့ အသက်နဲ့ရင်းပြီး စောင့်ကြည့်ရတာဖြစ်လို့ ထိခိုက်၊ သေဆုံးတဲ့ အရေအတွက်ကို တိတိကျကျ သိရဖို့မလွယ်ကူပေမယ့် ပစ်လိုက်တဲ့ အနေထားအပေါ်မှာကြည့်ပြီး အတတ်နိုင်ဆုံးခန့်မှန်းနိုင်တယ်။” 

စစ်ဘေးရှောင်ပြည်သူတွေကိုတော့ ဘေးကင်း လုံခြုံမယ့် နေရာတွေကို ပြောင်းရွှေ့တာတွေ လုပ်ပေးနေကြောင်း၊ နဂါးပွက်တောင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြောက်ကျားနည်း ဗျူဟာနဲ့ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဆောမြို့နယ် လောင်းရှည်ဒေသအတွင်းမှာ ဆိပ်ဖြူမြို့နယ်ဘက်က စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော် ခိုလှုံနေကြပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်၊စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်မာရေးစောင့်ရှောက်မှု အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ ဆော-ဆိပ်ဖြူလမ်းပိုင်းကို လုံးဝ အသုံးမပြုကြဖို့၊ နဂါးပွက်တောင်နဲ့ နီစပ်တဲ့ ကျေးရွာတွေက ပြည်သူတွေ အထူးသတိထားနေထိုင်ကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

2 weeks Ago
Up