လောင်းရှည်ရွာတွင် စစ်ရှောင်ပြည်သူ ၃ ဦးဖမ်းဆီးခံရပြီး လူငယ်တဦးအား စစ်တပ်က ရိုက်နှက် သတ်ဖြတ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လောင်းရှည်ရွာမှာ စစ်ဘေးရှောင်ပြည်သူ ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည့်သေးတဲ့ လူငယ်တဦးကို စစ်ကောင်စီတပ်က ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF) ရဲ့ ဩဂုတ် ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF) အမှတ် (၆) တပ်ရင်း (၃၉၀၆) တို့ နဂါးပွက်တောင်တိုက်ပွဲအပြီး စစ်ဘေးရှောင်ပြည်သူ ဦးနေမျိုးမောင်၊ ဖြိုးဇေယျာကျော်၊ ၁၇ နှစ်အရွယ် မောင်ပြည့်စုံထွန်းတို့ ၃ ဦး ဖမ်းဆီးခံခဲ့ရတာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင် ၂၈ ရက်က ဦးဖိုးချစ်၊ ဒေါ်တောသူမတို့ရဲ့သား မောင်ပြည့်စုံထွန်းဟာ မိဘတွေဆီပြန်ဖို့အတွက် မောင်ဖြိုးဇေယျာကျော်ကို အဖော်အဖြစ်လိုက်ပါဖို့ ခေါ်ဆောင်သွားခဲ့ပြီး တောတွင်းလမ်းတနေရာမှာ စစ်ကောင်စီတပ်ရဲ့ ကင်းလှည့်အဖွဲ့နဲ့တွေ့ပြီး အဖမ်းခံခဲ့ရတာပါ။
နောက်နေ့မှာ သားဖြစ်သူ ပြန်ရောက်မလာတာကြောင့် မောင်ဖြိုးဇေယျာကျော်ရဲ့ ဖခင်ဖြစ်သူ ဦးနေမျိုးက လိုက်လံရှာဖွေရင်း အရင်နေခဲ့ဖူးတဲ့ ကန်ဇွန်းမ မြောက်ဘက် ယူနီကယ်တဲတိုက်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံ မောင်ပြည့်စုံထွန်းနဲ့ မောင်ဖြိုးဇေယျာကျော်တို့ကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်စစ်ဆေးပြီး သူတို့မိဘတွေရှိရာနေရာကို လိုက်ပြခိုင်းရင်း ယူနီကယ်တဲတိုက်ကို ရောက်ရှိလာကြကာ အဲဒီတဲတိုက်မှာရှိနေတဲ့ ဦးနေမျိုးကို တွေ့ရှိပြီး ပျဥ်ချောင်းထန်းလက်ပြားတို့နဲ့ ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် အသက် ၁၇ နှစ်အရွယ် သားဖြစ်သူ ဖြိုးဇေယျာကျော်ဟာ ဖခင်ရှေ့မှာပဲ စစ်ကောင်စီတပ်က ရိုက်နှက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဟာ မောင်ဖြိုးဇေယျာကျော်ရဲ့အလောင်းနဲ့ ၁၆ နှစ်အရွယ် မောင်ပြည့်စုံထွန်းတို့ကို ခေါ်ဆောင်သွားခဲ့ပြီး မောင်ပြည့်စုံထွန်း အသက်သေဆုံးခြင်း ရှိမရှိ သေချာမသိရသေးဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဦနေမျိုးကို LSRPDF တပ်ဖွဲ့မှ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးပြီး လုံခြုံစိတ်ချရတဲ့ နေရာမှာ ကူညီစောင့်ရှောက်ထားတယ်လို့ LSRPDF သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။