ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ စက်တင်ဘာ ၁၁ ရက် ညပိုင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
KNLA တပ်ရင်း ၂၇ ၊ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၁ လုံခြုံရေးတာဝန်ယူထားတဲ့ လေးကေ့ကော်မြို့သစ် ရပ်ကွက် ၆ မှာ နယ်မြေကျူးကျော်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မနေ့ည ၈ နာရီခွဲလောက်ကနေ ၁၀ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ပွဲတွင်းစစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေတစုံရာ ထိခိုက်မှု မရှိခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးမှု အရေအတွက်ကိုလည်း မသိရသေးဘူးလို့ဆိုပါတယ်။
ဒါ့အပြင် အခုမနက်အစောပိုင်းမှာလည်း မြဝတီ - ဝေါလေ ကားလမ်းမပေါ်က ကျော်ဝါးဘိုးကုန်းမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ကော်ဘရာစစ်ကြောင်း ပူပေါင်းတပ်ဖွဲ့တွေကို မနက် ၁ နာရီလောက်ကနေ ၃ နာရီလောက်ထိ ၁ ကြိမ်၊ ၉ နာရီလောက်ကနေ ၁၁ နာရီခွဲလောက်ထိ ၁ ကြိမ် ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့် အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား(ကရင်နီ) ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း စတဲ့ ဒေသတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေနေ့စဉ်ပြင်းထန် ဖြစ်ပွားနေတာပါ။
မနေ့က စက်တင်ဘာ ၁၁ ရက် တရက်တည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အယောက် ၅၀ လောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲစတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်မနှစ်ခုနဲ့ KNLA၊ KNDO၊ PDF ပူးပေါင်းအဖွဲ့တွေအကြား မနေ့ညသန်းခေါင်ကျော်ကနေစတင်ပြီး ဧပြီ ၁၅ ရက် မနက်အစောပိုင်းအထိ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီဘက်မှ တပ်မ(၄၄) နဲ့ တပ်မ(၇၇)တို့ တပ်မနှစ်ခုပေါင်းပြီး KNLA တပ်ရင်း၂၇ တပ်ခွဲ ၂ စခန်းတည်ရှိရာ မြဝတီမြို့ လေးကေ့ကော်မြို့သစ်တောင်ကုန်းကို ညသန်းခေါင်းကျော် ၁၂ နာရီခွဲလောက်မှာ ထိုးစစ် ပြုလုပ်ရာ KLNA တပ်ခွဲက ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေ အထိခိုက်များပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ တိုက်ပွဲမှာဝင်တဲ့ KLNA တပ်ဖွဲ့ဝင်က ပြောပါတယ်။
စစ်ကောင်စီတပ်ဆုတ်ခွာချိန် KNLA ဘက်မှက စနိုက်ပါ အသုံးပြုပစ်ခတ်တဲ့အတွက် စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးသွားတယ်ဆိုပေမဲ့ တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှု အခြေအနေကို အတိအကျ မသိရသေးပါဘူး။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသမှာ စစ်ကောင်စီတပ်တွေ ကျူးကျော်ဝင်ရောက်လာရာက တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာ လနဲ့ချီကြာနေပြီဖြစ်ပြီး စစ်ကောင်စီဘက်မှ အကျဆုံးများနေသလို မြေပြင်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။