လေးကေ့ကော်မြို့သစ်တွင် သင်္ကြန်အကြတ်နေ့ တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်မနှစ်ခုနဲ့ KNLA၊ KNDO၊ PDF ပူးပေါင်းအဖွဲ့တွေအကြား မနေ့ညသန်းခေါင်ကျော်ကနေစတင်ပြီး ဧပြီ ၁၅ ရက် မနက်အစောပိုင်းအထိ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီဘက်မှ တပ်မ(၄၄) နဲ့ တပ်မ(၇၇)တို့ တပ်မနှစ်ခုပေါင်းပြီး KNLA တပ်ရင်း၂၇ တပ်ခွဲ ၂ စခန်းတည်ရှိရာ မြဝတီမြို့ လေးကေ့ကော်မြို့သစ်တောင်ကုန်းကို ညသန်းခေါင်းကျော် ၁၂ နာရီခွဲလောက်မှာ ထိုးစစ် ပြုလုပ်ရာ KLNA တပ်ခွဲက ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေ အထိခိုက်များပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ တိုက်ပွဲမှာဝင်တဲ့ KLNA တပ်ဖွဲ့ဝင်က ပြောပါတယ်။
စစ်ကောင်စီတပ်ဆုတ်ခွာချိန် KNLA ဘက်မှက စနိုက်ပါ အသုံးပြုပစ်ခတ်တဲ့အတွက် စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးသွားတယ်ဆိုပေမဲ့ တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှု အခြေအနေကို အတိအကျ မသိရသေးပါဘူး။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသမှာ စစ်ကောင်စီတပ်တွေ ကျူးကျော်ဝင်ရောက်လာရာက တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာ လနဲ့ချီကြာနေပြီဖြစ်ပြီး စစ်ကောင်စီဘက်မှ အကျဆုံးများနေသလို မြေပြင်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။