close

လေးကေ့ကော်

close

November 28, 2022

လေးကေ့ကော်တွင်ဖမ်းဆီးခံရသည့် ဧရာဝတီတိုင်းက အမတ် ၂ ဦး ထောင်ဒဏ် ၂၆ နှစ် စီချမှတ်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီးက အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂၆ နှစ်စီ အမိန့် ချမှတ်လိုက်ပါတယ်။ 

မြောင်းမြပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်နဲ့ အိမ်မဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့ နှစ်ဦးစလုံးကို ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

အန်အယ်လ်ဒီပါတီနဲ့နီးစပ်သူတဦးက “အမိန့်ချလိုက်တာက နှစ်ယောက်လုံးကို ချလိုက်တာ  တနှစ်ကျော်ကြာပြီ အဲ့ကြားမှာ ဘာသတင်းမှ စုံစမ်းလို့မရဘူး။ စွဲထားတဲ့ ပုဒ်မတွေနဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေချတာပေါ့။ မဖြစ်သင့်ဘူးပေါ့။ သူတို့လက်ထဲမှာ လက်နက်တွေမိတာလည်း မဟုတ်ဘဲနဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ချတာ”လို့ ပြောပါတယ်။ 

မြောင်းမြပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်နဲ့ အိမ်မဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့ ၂ ဦးလုံးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂ (က)၊ ၅၀ (က)၊ ၅၀ (ည)နဲ့ နိုင်ငံတော်သစ္စာဖောက်မှုတွေနဲ့ တရားစွဲဆိုပြီး မြဝတီခရိုင်တရားရုံးမှာ အပြီးသတ်အမိန့်ချမှတ်ခဲ့ တာလို့ ဆိုပါတယ်။ 

အဆိုပါ လွှတ်တော်အမတ် ၂ ဦးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေးကေ့ကော်မြို့သစ်မှာ သွားရောက်တိမ်းရှောင်ရင်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးရှာဖွေစီးနင်းခဲ့လို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

59 mins Ago

September 12, 2022

လေးကေ့ကော်၌ ဖမ်းမိသူများ၏ ဧရာဝတီတိုင်းက မိသားစုဝင်များကို လိုက်ရှာနေ

ဧရာဝတီတိုင်း၊ ပန်းတနော်နဲ့ မအူပင်မြို့နယ်တွေမှာ လေးကေ့ကော်ဒေသမှာ ဖမ်းဆီးခံရတဲ့သူတွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ရှာဖွေဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

လေးကေ့ကော်ဒေသမှာ ၂၀၂၁ ခုနှစ်က ဖမ်းဆီးခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ရဲစခန်းမှာအမှုဖွင့်ပြီး လိုက်လံရှာဖွေဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“သူတို့က ရဲစခန်းတွေမှာ အမှုဖွင့်ထားတာ။ အဲဒါကို လိုက်ကပ်တာမျိုးတော့ မလုပ်ဘူး။ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ အဲဒီမြို့တွေက စခန်းတိုင်းမှာ ဖွင့်ထားတာ။ ပြီးတော့ သတင်းပေးတွေ နယ်ထိန်းတွေကို ဓာတ်ပုံဖြန့်ထားတာတွေ့မှ သတင်းပေးမှာ ဖမ်းတဲ့ပုံစံမျိုး လုပ်နေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီသတင်းပေးတွေရဲ့ တိုင်ကြားမှုကြောင့် စက်တင်ဘာ ၈ ရက်က မအူပင်မြို့ကနေ ပန်းတနော်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာ သွားရောက်တိမ်းရှောင်နေတဲ့ အမျိုးသား ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မအူပင်မြို့မှာ  စစ်ကောင်စီဒလန်ရဲ့  မဟုတ်မမှန် သတင်းပေးမှုကြောင့် လူငယ်တချို့ ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးတာကို တိမ်းရှောင်ဖို့အတွက် လေးကေ့ကော်ဒေသမှာ သွားရောက်တိမ်းရှောင်ရင်း ဧရာဝတီတိုင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၃ ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း မိသားစုဝင်တွေကိုပါ ရှာဖွေဖမ်းဆီးလာတာလို့ ဒေသခံတွေက ပြောပါတယ်။

3 months Ago
Up