close

လေးကေ့ကော်တွင်ဖမ်းဆီးခံရသည့် ဧရာဝတီတိုင်းက အမတ် ၂ ဦး ထောင်ဒဏ် ၂၆ နှစ် စီချမှတ်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီးက အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂၆ နှစ်စီ အမိန့် ချမှတ်လိုက်ပါတယ်။ 

မြောင်းမြပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်နဲ့ အိမ်မဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့ နှစ်ဦးစလုံးကို ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

အန်အယ်လ်ဒီပါတီနဲ့နီးစပ်သူတဦးက “အမိန့်ချလိုက်တာက နှစ်ယောက်လုံးကို ချလိုက်တာ  တနှစ်ကျော်ကြာပြီ အဲ့ကြားမှာ ဘာသတင်းမှ စုံစမ်းလို့မရဘူး။ စွဲထားတဲ့ ပုဒ်မတွေနဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေချတာပေါ့။ မဖြစ်သင့်ဘူးပေါ့။ သူတို့လက်ထဲမှာ လက်နက်တွေမိတာလည်း မဟုတ်ဘဲနဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ချတာ”လို့ ပြောပါတယ်။ 

မြောင်းမြပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်နဲ့ အိမ်မဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့ ၂ ဦးလုံးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂ (က)၊ ၅၀ (က)၊ ၅၀ (ည)နဲ့ နိုင်ငံတော်သစ္စာဖောက်မှုတွေနဲ့ တရားစွဲဆိုပြီး မြဝတီခရိုင်တရားရုံးမှာ အပြီးသတ်အမိန့်ချမှတ်ခဲ့ တာလို့ ဆိုပါတယ်။ 

အဆိုပါ လွှတ်တော်အမတ် ၂ ဦးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေးကေ့ကော်မြို့သစ်မှာ သွားရောက်တိမ်းရှောင်ရင်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးရှာဖွေစီးနင်းခဲ့လို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up