ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အန်အယ်ဒီအစိုးရလက်ထက်က ခန့်ထားခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးကို စစ်ကောင်စီ တပ်သားတွေက ဇန်နဝါရီ ၉ ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အချုပ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နိုင်ကို ညပိုင်း ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်ပြီး ဒီတကြိမ်နဲ့ဆို အဖမ်းခံရတာ ၂ ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “အာဏာသိမ်းကာစကလည်း အဖမ်းခံရတယ်။ ပြီးမှ ပြန်လွတ်လာတာ။ ရွာမှာ သူ့ကိုပဲ အုပ်ချုပ်ရေးမှူးတာဝန် ပြန်ပေးထားတာ။ ခုမှ ဘာလို့ထပ်ဖမ်းတယ်ဆိုတာ မသိဘူး။ လာဖမ်းတာတော့ စစ်သားတွေ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နိုင်ကို မိသားစုက လိုက်လုံစုံစမ်းခဲ့ပေမဲ့ အိုင်သပြုရဲစခန်းနဲ့ လေးမျက်နှာရဲစခန်းမှာ မရှိသလို အဆက်အသွယ် မရရှိသေးဘူးလို့ ဆိုပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နိုင်ဟာ အုပ်ချုပ်ရေးမှူးမလုပ်ခင်က အန်အယ်ဒီပါတီဝင် ဖြစ်ခဲ့ဖူးတာကြောင့် ခုလိုမျိုး လာရောက်ဖမ်းဆီးတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက စာသင်ကျောင်း ၂ ကျောင်းရှေ့ ဗုံး ၃ လုံးပေါက်ကွဲခဲ့ပါတယ်။
လေးမျက်နှာမြို့ အထက်တန်းကျောင်းရှေ့မှာ ၁၁ နာရီခွဲလောက်က ဗုံး ၁ လုံးပေါက်ကွဲခဲ့ပြီး အိုင်သပြုအုပ်စု ကွင်းမ မူလတန်းကျောင်းရှေ့မှာ ဗုံး ၂ လုံးထပ်မံပေါက်ကွဲခဲ့တာလို့ ဒေသခံ တဦးက ပြောပါတယ်။
"ပေါက်တာကတော့ အသံကြားရတဲ့ ရဲနဲ့ စစ်သားက တခြားကျောင်းမှာ ဗုံးတွေ့တယ်ဆိုပြီး သတင်းကြားလို့ သွားတဲ့အချိန်မှာ ဆိုက်ကယ်နဲ့ လာထားသွားတာ ထိခိုက်တာတော့ မရှိပါဘူး''လို့ ပြောပါတယ်။
ရှာဖြူကွင်းကျောင်းရှေ့မှာ မီးခိုးတွေထွက်နေပြီး ဗုံး ၃ လုံးတွေ့တယ်ဆိုပြီး ရဲနဲ့စစ်တပ်က သွားရောက်စစ်ဆေးချိန်မှာ ကျောင်း ၂ ကျောင်းရှေ့မှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ကျောင်းလုံခြုံရေးချထားတဲ့ ရဲနဲ့ စစ်တပ်က ကွင်းမ မူလတန်းကျောင်းကို ရောက်ရှိ စစ်ဆေးနေသလို မြို့ပေါ်လုံခြုံရေးလည်း တင်းကျပ်ထားပါတယ်။