close

လေးမျက်နှာမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အန်အယ်ဒီအစိုးရလက်ထက်က ခန့်ထားခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးကို စစ်ကောင်စီ တပ်သားတွေက ဇန်နဝါရီ ၉ ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အချုပ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နိုင်ကို ညပိုင်း ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်ပြီး ဒီတကြိမ်နဲ့ဆို အဖမ်းခံရတာ ၂ ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “အာဏာသိမ်းကာစကလည်း အဖမ်းခံရတယ်။ ပြီးမှ ပြန်လွတ်လာတာ။ ရွာမှာ သူ့ကိုပဲ အုပ်ချုပ်ရေးမှူးတာဝန် ပြန်ပေးထားတာ။ ခုမှ ဘာလို့ထပ်ဖမ်းတယ်ဆိုတာ မသိဘူး။ လာဖမ်းတာတော့ စစ်သားတွေ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နိုင်ကို မိသားစုက လိုက်လုံစုံစမ်းခဲ့ပေမဲ့ အိုင်သပြုရဲစခန်းနဲ့ လေးမျက်နှာရဲစခန်းမှာ မရှိသလို အဆက်အသွယ် မရရှိသေးဘူးလို့ ဆိုပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နိုင်ဟာ အုပ်ချုပ်ရေးမှူးမလုပ်ခင်က အန်အယ်ဒီပါတီဝင် ဖြစ်ခဲ့ဖူးတာကြောင့် ခုလိုမျိုး လာရောက်ဖမ်းဆီးတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up