တောင်ကိုရီးယားနိုင်ငံက စစ်ပွဲကာလအတွင်း အတင်းအကျပ် လုပ်အားပေး စေခိုင်းခံခဲ့ရသူတွေရဲ့ ကိုယ်စားလှယ်တွေဟာ အစိုးရရဲ့ လျော်ကြေးပေးရေးအစီအစဉ်ကို သဘောမတူဘူးလို့ မတ် ၆ ရက်မှာ ပြောပါတယ်။
၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဂျပန်သိမ်းပိုက်မှုအောက်မှာ အတင်းအဓမ္မ စေခိုင်းခံခဲ့ရတဲ့ အလုပ်သမားတွေအတွက် တောင်ကိုရီးယားအစိုးရက နိုင်ငံပိုင် အများပြည်သူဆိုင်ရာ ဖောင်ဒေရှင်းကတဆင့် လျော်ကြေးပေးသွားဖို့ အဆိုပြုထားတာပါ။
အဓမ္မစေခိုင်းခံခဲ့ရသူတွေနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့တခုရဲ့ ဒါရိုက်တာဖြစ်သူ ကင်မ်ယောင်ဟွမ်က “ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရရဲ့ နိမ့်ကျတဲ့ ရပ်တည်မှုကြောင့် ဒီနေ့လို အရှက်ရစရာ ဆုံးဖြတ်ချက်မျိုး ထွက်ပေါ်လာခဲ့တာပါ” လို့ ဆိုးလ်မြို့က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောသွားတာပါ။
အဆိုပြုထားတဲ့ အစိုးရအစီအစဉ်အရ တောင်ကိုရီးယား ပုဂ္ဂလိကကုမ္ပဏီတွေက ထည့်ဝင်ထားတဲ့ အများပြည်သူဆိုင်ရာ ဖောင်ဒေးရှင်းကတဆင့် အတင်းအဓမ္မ စေခိုင်းခံခဲ့ရသူတွေကို လျော်ကြေးပေးသွားမှာ ဖြစ်ပါတယ်။
တရားစွဲဆိုထားတဲ့ တရားလို ၁၅ ဦးကတော့ အစိုးရအစီအစဉ်ကို ငြင်းပယ်ဖို့ အပါအဝင် တရားဥပဒေကြောင်းအရ ဆက်လက်တိုက်ပွဲဝင်သွားမယ့် အလားအလာတွေအတွက် ပြင်ဆင်နေပါတယ်။
၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယား တရားရုံးချုပ်က အဓမ္မစေခိုင်းခံ အလုပ်သမားဟောင်းတွေအတွက် လျော်ကြေးငွေပေးဆောင်ဖို့ ဂျပန်ကုမ္ပဏီတွေကို အမိန့်ချမှတ်ခဲ့တာကြောင့် ဆယ်စုနှစ်များစွာအတွင်း ၂ နိုင်ငံအကြား ဆက်ဆံရေးဟာ အနိမ့်ဆုံးအခြေအနေအထိ ကျဆင်းသွားခဲ့ပါတယ်။
ဒီကိစ္စတွေအတွက် တောင်ကိုရီးယားနိုင်ငံသား ၁၅ ဦးက အမှုနိုင်ခဲ့ပေမဲ့ လျော်ကြေးငွေ မရရှိခဲ့ပါဘူး။
ထိုင်းနိုင်ငံ မဲကလောင်ဆိပ်ကမ်းရှိ လောင်စာဆီတင်သင်္ဘော ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ကြရတဲ့ မြန်မာအလုပ်သမား ၇ ဦးအတွက် အသက်အာမခံ နစ်နာကြေး ဘတ်ငွေ ၅ သန်း ၇ သိန်းကျော် မိသားစုတွေထံ ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ရေးပါတယ်။
သေဆုံးသွားတဲ့ အလုပ်သမားတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေကို ထိုင်းနိုင်ငံရဲ့ အလုပ်သမားဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်နဲ့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၉ ရက်မှာ ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရမ်ခရိုင် ပက်စမုတ်ဘုန်းတော်ကြီးကျောင်းမှာ လျော်ကြေးပေးအပ်ခဲ့တယ်လို့လည်း ထိုင်းသတင်းက ဆိုပါတယ်။
လောင်စာဆီတင်သင်္ဘောမှာ ထိုင်းနိုင်ငံ စမွတ်ဆုန်ခမ်းခရိုင်၊ မဲကလောင်မြစ်ပေါ်ရှိ သင်္ဘောကျင်းမှာ ပြုပြင်ဖို့ ရပ်နားထားစဉ် ဇန်နဝါရီ ၁၇ ရက်က ပေါက်ကွဲမီးလောင်ခဲ့တာကြောင့် မြန်မာအလုပ်သမား ၇ ဦးဖြစ်တဲ့ ကိုပိုက်ထွေး၊ ကိုဝင်းဘို၊ ကိုသီဟ၊ ကိုဇော်မင်းလွင်၊ ကိုတင်ဝင်း၊ ကိုကိုဖြိုးနဲ့ ကိုနိုင်ဝင်းတို့ သေဆုံးခဲ့ပြီး မြန်မာ ၄ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူတွေအတွက် အသုဘအသုံးစရိတ်အနေနဲ့ တဦးကို ဘတ် ၅၀,၀၀၀ စီနဲ့ ပင်စင်နစ်နာကြေး တဦး ဘတ် ၃,၀၀၀ မှ ၉,၀၀၀ အထိထောက်ပံ့ပြီး လူမှုဖူလုံရေးနဲ့ အသက်သေဆုံးမှုအတွက် တဦးကို ဘတ် ၇၇၀,၉၅၂ ရရှိတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတဦးစီအတွက် ဘတ် ၈၂၀,၀၀၀ ကျော်၊ မြန်မာငွေ ကျပ်သိန်း ၇၀၀ နီးပါးကို မိသားစုဝင်တွေထံ လျော်ကြေးပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒဏ်ရာရရှိသူတွေအတွက် ဆေးကုသမှုခံယူနေချိန် လစာရဲ့ ၇၀ ရာခိုင်နှုန်းကို တနှစ်တိတိ ခံစားခွင့်ပြုထားပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေအတွက် နစ်နာကြေးကိုတော့ လက်ရှိလုပ်အားခရဲ့ ၁၀ နှစ်စာကို ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တရားဝင် အလုပ်လုပ်ကိုင်စေလိုပြီး လုပ်ငန်းခွင် ထိခိုက်မှု၊ အသက်သေဆုံးမှုတွေ ဖြစ်ပေါ်လာပါက အာမခံနစ်နာကြေး ရပိုင်ခွင့် ခံစားပိုင်ခွင့်တွေကို အလုပ်သမားတွေ ရရှိစေလိုတယ်လို့ အကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းမှာ ရေးပါတယ်။
ပေါက်ကွဲမှုမှာ မြန်မာအလုပ်သမားတွေ ပါဝင်နေလို့ မြန်မာသံရုံး တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို တွေ့ဆုံကာ ဘတ်ငွေ ၅,၀၀၀ စီ ပေးအပ်ခဲ့ကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းအလယ်ပိုင်း၊ စမွတ်ဆုန်ခမ်းခရိုင်၊ မဲ့ကလောင်မြစ်သင်္ဘောကျင်းမှာ ဇန်နဝါရီ ၁၇ ရက်က ဆီတင်သင်္ဘောကြီးတစီး မီးလောင်ပေါက်ကွဲလို့ ပျောက်ဆုံးနေသူ ၈ ဦးရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ခဲ့ပြီး မြန်မာလုပ်သား ၇ ဦး ပါဝင်နေတာလည်း ဖြစ်ပါတယ်။