close

ထိုင်းလောင်စာဆီတင်သင်္ဘော မီးလောင်မှု၌ သေဆုံးသွားသည့် မြန်မာ ၇ ဦးအတွက် ထိုင်းဘတ် ၅ သန်းခွဲ လျော်ကြေးပေး

ထိုင်းနိုင်ငံ မဲကလောင်ဆိပ်ကမ်းရှိ လောင်စာဆီတင်သင်္ဘော ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ကြရတဲ့ မြန်မာအလုပ်သမား ၇ ဦးအတွက် အသက်အာမခံ နစ်နာကြေး ဘတ်ငွေ ၅ သန်း ၇ သိန်းကျော် မိသားစုတွေထံ ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ရေးပါတယ်။

သေဆုံးသွားတဲ့ အလုပ်သမားတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေကို ထိုင်းနိုင်ငံရဲ့ အလုပ်သမားဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်နဲ့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၉ ရက်မှာ ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရမ်ခရိုင် ပက်စမုတ်ဘုန်းတော်ကြီးကျောင်းမှာ လျော်ကြေးပေးအပ်ခဲ့တယ်လို့လည်း  ထိုင်းသတင်းက ဆိုပါတယ်။

လောင်စာဆီတင်သင်္ဘောမှာ ထိုင်းနိုင်ငံ စမွတ်ဆုန်ခမ်းခရိုင်၊ မဲကလောင်မြစ်ပေါ်ရှိ သင်္ဘောကျင်းမှာ ပြုပြင်ဖို့ ရပ်နားထားစဉ် ဇန်နဝါရီ ၁၇ ရက်က ပေါက်ကွဲမီးလောင်ခဲ့တာကြောင့် မြန်မာအလုပ်သမား ၇ ဦးဖြစ်တဲ့ ကိုပိုက်ထွေး၊ ကိုဝင်းဘို၊ ကိုသီဟ၊ ကိုဇော်မင်းလွင်၊ ကိုတင်ဝင်း၊ ကိုကိုဖြိုးနဲ့ ကိုနိုင်ဝင်းတို့ သေဆုံးခဲ့ပြီး မြန်မာ ၄ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေအတွက် အသုဘအသုံးစရိတ်အနေနဲ့ တဦးကို ဘတ် ၅၀,၀၀၀ စီနဲ့ ပင်စင်နစ်နာကြေး တဦး ဘတ် ၃,၀၀၀ မှ ၉,၀၀၀ အထိထောက်ပံ့ပြီး လူမှုဖူလုံရေးနဲ့ အသက်သေဆုံးမှုအတွက် တဦးကို ဘတ် ၇၇၀,၉၅၂  ရရှိတာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတဦးစီအတွက် ဘတ် ၈၂၀,၀၀၀ ကျော်၊ မြန်မာငွေ ကျပ်သိန်း ၇၀၀ နီးပါးကို မိသားစုဝင်တွေထံ လျော်ကြေးပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူတွေအတွက် ဆေးကုသမှုခံယူနေချိန် လစာရဲ့ ၇၀ ရာခိုင်နှုန်းကို တနှစ်တိတိ ခံစားခွင့်ပြုထားပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေအတွက် နစ်နာကြေးကိုတော့ လက်ရှိလုပ်အားခရဲ့ ၁၀ နှစ်စာကို ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တရားဝင် အလုပ်လုပ်ကိုင်စေလိုပြီး လုပ်ငန်းခွင် ထိခိုက်မှု၊ အသက်သေဆုံးမှုတွေ ဖြစ်ပေါ်လာပါက အာမခံနစ်နာကြေး ရပိုင်ခွင့် ခံစားပိုင်ခွင့်တွေကို အလုပ်သမားတွေ ရရှိစေလိုတယ်လို့ အကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းမှာ ရေးပါတယ်။

ပေါက်ကွဲမှုမှာ မြန်မာအလုပ်သမားတွေ ပါဝင်နေလို့ မြန်မာသံရုံး တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို တွေ့ဆုံကာ ဘတ်ငွေ ၅,၀၀၀ စီ ပေးအပ်ခဲ့ကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းအလယ်ပိုင်း၊ စမွတ်ဆုန်ခမ်းခရိုင်၊ မဲ့ကလောင်မြစ်သင်္ဘောကျင်းမှာ ဇန်နဝါရီ ၁၇ ရက်က ဆီတင်သင်္ဘောကြီးတစီး မီးလောင်ပေါက်ကွဲလို့ ပျောက်ဆုံးနေသူ ၈ ဦးရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ခဲ့ပြီး မြန်မာလုပ်သား ၇ ဦး ပါဝင်နေတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up