ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်ထောင်ကနေ ဒီကနေ့ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး အပါအဝင် ၁၃ ဦး လွတ်မြောက်လာပါတယ်။
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကောင်စီက ဒီကနေ့ အကျဉ်းသား ၇,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ပြန်လွှတ်ပေးရာမှာ လွိုင်ကော်အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဆီးထောင်ချခံရသူ ၁၁ ဦး အပါအဝင် ၁၃ ဦး လွတ်မြောက်လာကြောင်း ဒေသခံတဦးက ပြောပါတယ်။
“ကျနော်တို့သိထားတာက ၁၃ ယောက်မှာ နိုင်ငံရေးအကျဉ်းသားကတော့ ၁၁ ယောက် ပါတယ်လို့ သိရတယ်။ တခြား ရာဇဝတ်မှုကတော့ ၂ ယောက်ပေါ့။”
ပြန်လွတ်လာသူတွေဟာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးရာမှာ အန်အယ်လ်ဒီ အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကယားပြည်နယ်အစိုးရ စီမံနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် အပါအဝင် ၆ ဦး လွိုင်ကော်အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်ခဲ့ပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မအသီးသီးနဲ့ ဖမ်းဆီးခံရသူ ၂၈၀ ရှိပြီး တရားရင်ဆိုင်ဆဲ ၁၀၇ ယောက်ရှိကာ အဲဒီထဲမှာ အမျိုးသမီး ၂၈ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်ကနေ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီး အကျဉ်းချခံရသူ အယောက် ၂၀ ပြန်လည်လွတ်မြောက်လာပါတယ်။
စစ်ကောင်စီရဲ့ သီတင်းကျွတ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရသူတွေ အများစုဖြစ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ်ချမှတ် ခံရတဲ့သူတွေ ဖြစ်ပါတယ်။
ဒေသခံ စောင့်ကြည့်နေသူတဦးရဲ့ ပြောဆိုချက်အရ အောက်တိုဘာ ၁၈ ရက် မနေ့ က ဒီးမော့ဆိုဘက် လူ ၃ ဦးကို လွိုင်ကော် အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့တာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၁၉ ရက် မနက်မှာ တရားဝင် ၁၇ ဦးကို လွှတ်ပေးလိုက်တာလို့ ပြောပါတယ်။
ထောင်အာဏာပိုင်နဲ့ နီးစပ်သူတဦးရဲ့ ပြောပြချက်အရ လွိုင်ကော်အကျဉ်းထောင်မှာ လွှတ်ပေးဖို့ စာရင်းရှိသူ ၂၄ ဦးဖြစ်ပေမယ့် အဲဒီထဲက ကျော်မင်းသူနဲ့ ထက်ဝေတို့ ၂ ဦးကတော့ ပုဒ်မ ၅၀၅ (က) အပြင် တခြားအမှုနဲ့ လွိုင်ကော်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရဆဲ ဖြစ်တဲ့အတွက် လွိုင်ကော် အကျဉ်းထောင်မှာ ပြန်လည်ထိန်းသိမ်းထားကြောင်း ပြောပါတယ်။
ဒီကနေ့ ပြန်လည်လွတ်မြောက်လာတဲ့ ၁၇ ဦးထဲမှာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်စန္ဒာဝင်းလည်း ပါဝင်သလို လွိုင်ကော်မြို့ထဲ နွားလဝိ၊ ရှမ်းစုနဲ့ ဒေါတမရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ၃ ဦးလည်း ပြန်လည်လွတ်မြောက်လာပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ ဖမ်းဆီးခံရသူ ၁၃၀ နီးပါးရှိပြီး အဲဒီထဲက ၁၀၇ ဦးဟာ ပုဒ်မ (၅၀၅-(က) နဲ့ တရားစွဲဆိုခံခဲ့ရတာလို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီး အကျဉ်းသား ၁၃၁၆ ဦးနဲ့ တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်က စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။