close

လွိုင်ကော်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး အပါအဝင် ၁၃ ဦး လွတ်မြောက်

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်ထောင်ကနေ ဒီကနေ့ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး အပါအဝင် ၁၃ ဦး လွတ်မြောက်လာပါတယ်။

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကောင်စီက ဒီကနေ့  အကျဉ်းသား ၇,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့  အကျဉ်းထောင်အသီးသီးက ပြန်လွှတ်ပေးရာမှာ လွိုင်ကော်အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဆီးထောင်ချခံရသူ ၁၁ ဦး အပါအဝင် ၁၃ ဦး လွတ်မြောက်လာကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့သိထားတာက ၁၃ ယောက်မှာ နိုင်ငံရေးအကျဉ်းသားကတော့ ၁၁ ယောက် ပါတယ်လို့ သိရတယ်။ တခြား ရာဇဝတ်မှုကတော့ ၂ ယောက်ပေါ့။”

ပြန်လွတ်လာသူတွေဟာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးရာမှာ အန်အယ်လ်ဒီ အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကယားပြည်နယ်အစိုးရ စီမံနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် အပါအဝင် ၆ ဦး လွိုင်ကော်အကျဉ်းထောင်ကနေ  ပြန်လွတ်မြောက်ခဲ့ပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မအသီးသီးနဲ့ ဖမ်းဆီးခံရသူ ၂၈၀ ရှိပြီး တရားရင်ဆိုင်ဆဲ ၁၀၇ ယောက်ရှိကာ အဲဒီထဲမှာ အမျိုးသမီး ၂၈ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up