ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ ဖေဖော်ဝါရီ ၇ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ၉ ဦးထက်မနည်း သေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက် မနက် ၅ နာရီခွဲလောက်က KNDF တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၁၁ နဲ့ ဖယ်ခုံအရှေ့ခြမ်း PDF တို့ ပူးပေါင်းပြီး လင်ဖုံလေးလမ်းခွမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၉ ဦးထက်မနည်း သေဆုံးခဲ့တာလို့ KNDF တပ်ရင်း ၃ က သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်ကလည်း လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာအနီး စစ်ကြောင်းထိုလားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA) နဲ့ KNDF ပူးပေါင်းတိုက်လိုက်ခဲ့သလို မွန်းလွဲ ၂ နာရီမှာ လွိုင်ကော်မြို့နယ်၊ ထီရီကျေးရွာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်ပူးပေါင်းတပ်တို့က တိုက်လိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့လည်း KNDF က ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်ဘက်မှာလည်း အခုရက်ပိုင်း တိုက်ပွဲမဖြစ်ပေမယ့် စစ်ကောင်စီဘက်က ဂျက်လေယာဉ်တွေနဲ့ ညဘက်တွေမှာ ပျံဝဲနေတယ်လို့ KNDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ညဘက်တွေကို ကျနော်တို့ ဒီးမော့ဆိုဘက်ခြမ်းတွေကိုပေါ့နော်၊ ဂျက်ဖိုက်တာလေယာဉ်တွေ ညဘက်မှာ လာလာဝဲ နေတယ်ပေါ့နော်။ ည ၉ နာရီလောက်ဆိုရင် စဝဲပြီး ၁၀ နာရီ ၁၁ နာရီလောက်အထိကို ပျံဝဲလာတာရှိတယ်။ လေယာဉ်နဲ့ ပတ်ကြည့်နေတဲ့ ပုံစံမျိုးရှိတယ်။ ညဘက်ပေါ့။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်ကလည်း လက်နက်ကြီးနဲ့ လှမ်းထုတယ်ပေါ့နော်။ သူတို့က အပေါ်က ဝေဟင်ကနေပြီးမှ ကျနော်တို့ KNDF တပ်ရင်းတွေရဲ့ ဂိတ်ချို့ကို လိုက်ရှာတယ်ထင်တယ်။ ရှာပြီး လိုက်ပစ်တဲ့အနေအထားမှာရှိတယ်။”
အလားတူ မနေ့ညလည်း ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီး ၃ လုံးနဲ့ လှမ်းထုတဲ့အတွက် ရွာသားတချို့စိုးရိမ်ပြီး ညတွင်းချင်း စစ်ရှောင်ခဲ့ကြရတယ်လို့လည်း သူက ပြောပါတယ်။
ကယားပြည်နယ်မှာ ဇန်နဝါရီလဆန်ပိုင်းကစပြီး တိုက်ပွဲတွေ ရက်ဆက်ပြင်းထန်ခဲ့ပြီး လွိုင်ကော်မြို့ပေါ်မှာပါ တိုက်ပွဲကြီးငယ်ဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုကာ တိုက်လိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး လှမ်းပစ်တိုက်လိုက်မှုကြောင့် လွိုင်ကော်မြို့ ဒေသခံ သောင်းချီပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပါတယ်။
လက်ရှိအချိန်ထိလည်း မြို့နယ်အတွင်းနဲ့ မြို့တွင်းနေရာတချို့မှာ တိုက်ပွဲ ကြိုးကြားကြိုးကြား ဖြစ်ပွားနေပါတယ်။
ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီက အာဏာသိမ်းမှုတစ်နှစ်တာကာလအတွင်း အရပ်သားပြည်သူသေဆုံးသူ ၂၁၂ ဦးထိ ရှိနေပြီး နေအိမ်အဆောက်အအုံ ၄၉၂ လုံး ပျက်စီးသွားခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။
လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဘာဒိုကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရွာသားနှစ်ယောက် ကျဉ်ထိမှန်ခဲ့ပြီး တယောက် သေဆုံးသွားတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုကနေ သိရပါတယ်။
ဘာဒိုကျေးရွာမှာ ဒီမနက် စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်ပေါ်တချို့ကျရောက်ပေါက်ကွဲခဲ့သလို ရွာသား နှစ်ယောက် ကျည်ဆန် ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တိုးတက်သောကရင်နီပြည်သူ့အင်အားစုက “ အကြမ်းဖက်စကစမှ ဘာဒိုရွာကို တမင်သက်သက်ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးဒဏ်ရာပြင်းထန်ပြီး အခုလေးတင်ပဲ အသက်ဆုံးရှုံးသွားတယ်” လူမှုကွန်ရက်မှာ ထုတ်ပြန် ဖော်ပြထားပါတယ်။
ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတင်ဆောင်လာတဲ့ ကား ၆ စီးနဲ့ ဘာဒိုကျေးရွာကို ဝင်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အလားတူ ကယားပြည်နယ် ဖရူဆိုမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာမယ်ဆိုတဲ့သတင်းကြောင့် ဒေသခံလူထုတွေ ထွက်ပြေးတိမ်းရှောင်နေကြရ ပါတယ်။
ဖရူဆိုဒေသခံတဦးက “လူတွေက စစ်ကြောင်းလာမယ်၊ စစ်ကြောင်းလာရင် မလွယ်ဘူးဆိုပြီး လောလောဆယ်မြို့ပေါ်မှာတော့ စစ်ကြောင်းတွေဘာတွေလာတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ လူတွေက ၈၀ ရာခိုင်နှုန်းလောက်ရှိမယ်ထင်တယ်။ ထွက်ပြေးတာ။ တချို့ကလည်း မြို့ပေါ်ပြေးတယ်။ တချို့ကလည်း နီးစပ်ရာအမျိုးတွေရှိတဲ့နေရာတွေပဲ ပြေးကြတာပေါ့။ ”လို့ ပြောပါတယ်။
ဖရူဆိုမြို့ပေါ်မှာအများစုက ကျေးရွာကနေ လာရောက်နေထိုင်ကြသူတွေရှိတဲ့အတွက် သူတို့တွေဟာ ရွာဟောင်းကို ပြန်သွားကြတယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း ဖရူဆိုမြို့နယ် မိုဆိုကျေးရွာနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ပြောပါတယ်။
အခုဖရူဆိုမြို့ပေါ်က ဒေသခံကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကို နေရာရွေ့ပြောင်းတဲ့ပုံစံဖြစ်ပြီး နေအိမ်တွေမှာတော့ သက်လတ်ပိုင်းတွေက အိမ်စောင့်အနေနဲ့ ကျန်ရစ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က ဖရူမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၄၂၈ တပ်ကို ကရင်နီပူးပေါင်းတပ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ဦးကျဆုံး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီတိုက်ပွဲကြောင့်လည်း ကျေးရွာ ၆ ရွာလောက်က လူဦးရေ ၈၀၀ လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးဖြစ်ပါတယ်။
အခုရက်ပိုင်းတွေမှာ ကယားပြည်နယ် နေရာအနှံ့မှာ တိုက်ပွဲ နေစဉ်ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်အင်အား အများအပြားလည်း ထိုးစစ်ဆင်လာနေတယ်လို့ လည်း ဒေသခံတွေ ရဲ့ ပြောဆိုချက်အရ သိရပါတယ်။