close

လွိုင်ကော်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦးထက်မနည်း သေဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ ဖေဖော်ဝါရီ ၇ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ၉ ဦးထက်မနည်း သေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက် မနက် ၅ နာရီခွဲလောက်က KNDF  တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၁၁ နဲ့ ဖယ်ခုံအရှေ့ခြမ်း PDF တို့ ပူးပေါင်းပြီး လင်ဖုံလေးလမ်းခွမှာ  အခြေချထားတဲ့ စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၉ ဦးထက်မနည်း သေဆုံးခဲ့တာလို့ KNDF တပ်ရင်း ၃ က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်ကလည်း လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာအနီး စစ်ကြောင်းထိုလားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA) နဲ့ KNDF ပူးပေါင်းတိုက်လိုက်ခဲ့သလို မွန်းလွဲ ၂ နာရီမှာ  လွိုင်ကော်မြို့နယ်၊ ထီရီကျေးရွာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်ပူးပေါင်းတပ်တို့က တိုက်လိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့လည်း KNDF က ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်ဘက်မှာလည်း အခုရက်ပိုင်း တိုက်ပွဲမဖြစ်ပေမယ့် စစ်ကောင်စီဘက်က ဂျက်လေယာဉ်တွေနဲ့ ညဘက်တွေမှာ ပျံဝဲနေတယ်လို့ KNDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ညဘက်တွေကို ကျနော်တို့ ဒီးမော့ဆိုဘက်ခြမ်းတွေကိုပေါ့နော်၊ ဂျက်ဖိုက်တာလေယာဉ်တွေ ညဘက်မှာ လာလာဝဲ နေတယ်ပေါ့နော်။ ည ၉ နာရီလောက်ဆိုရင် စဝဲပြီး ၁၀ နာရီ ၁၁ နာရီလောက်အထိကို ပျံဝဲလာတာရှိတယ်။ လေယာဉ်နဲ့ ပတ်ကြည့်နေတဲ့ ပုံစံမျိုးရှိတယ်။ ညဘက်ပေါ့။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်ကလည်း လက်နက်ကြီးနဲ့ လှမ်းထုတယ်ပေါ့နော်။ သူတို့က အပေါ်က ဝေဟင်ကနေပြီးမှ ကျနော်တို့ KNDF တပ်ရင်းတွေရဲ့ ဂိတ်ချို့ကို လိုက်ရှာတယ်ထင်တယ်။ ရှာပြီး လိုက်ပစ်တဲ့အနေအထားမှာရှိတယ်။”

အလားတူ မနေ့ညလည်း ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီး ၃ လုံးနဲ့ လှမ်းထုတဲ့အတွက် ရွာသားတချို့စိုးရိမ်ပြီး ညတွင်းချင်း စစ်ရှောင်ခဲ့ကြရတယ်လို့လည်း သူက ပြောပါတယ်။

ကယားပြည်နယ်မှာ ဇန်နဝါရီလဆန်ပိုင်းကစပြီး တိုက်ပွဲတွေ ရက်ဆက်ပြင်းထန်ခဲ့ပြီး လွိုင်ကော်မြို့ပေါ်မှာပါ တိုက်ပွဲကြီးငယ်ဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုကာ တိုက်လိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး လှမ်းပစ်တိုက်လိုက်မှုကြောင့် လွိုင်ကော်မြို့ ဒေသခံ သောင်းချီပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပါတယ်။

လက်ရှိအချိန်ထိလည်း မြို့နယ်အတွင်းနဲ့ မြို့တွင်းနေရာတချို့မှာ တိုက်ပွဲ ကြိုးကြားကြိုးကြား ဖြစ်ပွားနေပါတယ်။

ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီက အာဏာသိမ်းမှုတစ်နှစ်တာကာလအတွင်း အရပ်သားပြည်သူသေဆုံးသူ ၂၁၂ ဦးထိ ရှိနေပြီး နေအိမ်အဆောက်အအုံ ၄၉၂ လုံး ပျက်စီးသွားခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up