close

လွိုင်ကော်

close

April 21, 2023

မိုးဗြဲ-လွိုင်ကော် လမ်းတွင် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

ကရင်နီ(ကယား)ပြည်နယ်၊ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားတချို့ ပျက်စီးပြီး စစ်သားတွေ ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ပြန်ကြားရေး-KnIC က ထုတ်ပြန်ပါတယ်။

ဧပြီ ၂၁ ရက် မနက် ၂ နာရီလောက်က မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း တနေရာမှာ စစ်ကောင်စီယာဉ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ဗိုလ်တစ်ထောင်တပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ကားတချို့ပျက်စီးပြီး စစ်သားတွေ ထိခိုက်သေဆုံးမှု များနိုင်ကာ စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မိုးမြဲ-လွိုင်ကော် လမ်းတလျှောက် အစစ်အဆေး ကြမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၁၅ ရက်ကလည်း မိုးဗြဲ-လွိုင်ကော် လမ်းမကြီးတနေရာမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား ရှောင်တခင်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အသွားအလာတွေ ဆင်ခြင်ပေးကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၃ က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က ကရင်နီပြည် ဒေါညေးခူကျေးရွာနဲ့ ဘောလခဲကို သွားရာလမ်းပိုင်းမှာ စစ်ကောင်စီတပ် ခလရနဲ့ ကရင်နီတပ်မတော် KA၊ KNDF တပ်ရင်း ၂၁ ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၈ ဦးသေဆုံးကာ ၁ ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

13 mins Ago

April 15, 2023

လွိုင်ကော် ပြည်နယ်အစိုးရရုံးမဏ္ဍပ် ဒရုန်းဖြင့် ဗုံးကြဲခံရ၊ စစ်ကောင်စီအရာရှိ အပါအဝင် ၂၀ ကျော် ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့၊ ပြည်နယ်အစိုးရရုံးမဏ္ဍပ် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့‌ ဒေသခံတွေက ပြောပါတယ်။

ပြည်နယ်အစိုးရရုံးမဏ္ဍပ်မှာ လေယာဉ်ကွင်းအနီးရှိ ပြည်နယ်အစိုးရရုံးအတွင်းမှာ ပြုလုပ်တာဖြစ်ပြီး လုံခြုံရေးလည်း တင်းကပ်ထားတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

ယိမ်းအက ကသူတွေ  စင်ပေါ်မှာ ကပြဖျော်ဖြေနေချိန် ဒရုန်းနဲ့ဗုံးကြဲတိုက်လိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီရဲ့ ရာထူးကြီးပိုင်း ၂ ဦးအပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ဘေးက သွားတွေ့တဲ့လူတွေရဲ့ အပြောအဆိုအရကတော့  ထိခိုက်တာ ၂၄ ယောက်လောက်တော့ ရှိတယ်ပြောတယ်ဗျာ။ အဲဒီဝင်းကြ ပြည်နယ်အစိုးရဝင်းကြီးက လုပ်တဲ့ အခမ်းအနားဆိုတော့ ဘယ်သူမှဝင်လို့မရဘူး။ ကျနော်တို့ကြားရသလောက်ကတော့ ဒရုန်းနဲ့ချတယ်လို့ပဲ ကြားရတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ပြည်နယ်အစိုးရ ညွန်ကြားရေးမှူး ဦးကျော်ကျော်အုန်း အပါအဝင် အရာရှိ ၂ ဦး ပြင်းထန်စွာဒဏ်ရာရရှိပြီး သူတို့ကို ရဟတ်ယာဉ်နဲ့ သယ်ယူသွားတယ်လို့ ပြောပါတယ်။

“အကောင်ကြီးက ကျောပေါက်သွားတယ်ကြားတယ်။ ရဟတ်ယာဥ်လာတာ လူနာလာသယ်တာလားတော့ မပြောတတ်ဘူး” ဒေသခံက ပြောပါတယ်။ 

တိုက်ခိုက်ခံရပြီးနောက် လွိုင်ကော်ကနေ ဒီးမော့ဆိုဘက်ကို လက်နက်ကြီးတွေနဲ့ ပတ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အလားတူ မိုးဗြဲဘက်မှာလည်း စစ်ကောင်စီရဲ့ ၄၂၂ တပ်ကနေပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

6 days Ago
Up