close

လွှတ်တော်အမတ်

close

February 27, 2023

ခင်ဦးမြို့၌ အန်အယ်လ်ဒီလွှတ်တော်အမတ်မိသားစု အပါအဝင် ဒေသခံ‌ ၁၀ ဦးကျော် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့ သမီး အပါအဝင် အရပ်သား ၁၀ ဦးကျော်ကို ဖေ‌ဖော်ဝါရီ ၂၄ ရက် ညနေမှာ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါက်တာဝင်းအောင်ရဲ့ဇနီး ဒေါ်နီလာနဲ့ သမီးအကြီး ဒေါ်အိနန္ဒာအောင်တို့ကို ဒီလ ၂၄ ရက် ညနေပိုင်းက နေအိမ်မှာ စစ်ကောင်စီက ဖမ်းဆီးသွားပြီးတဲ့နောက် ဒေသခံ ၁၀ ဦးကျော်ကိုလည်း မနေ့က နေ့လယ်ပိုင်းမှာ ထပ်မံဖမ်းဆီးသွားခဲ့ပါတယ်။

ဒေါက်တာဝင်းအောင်ရဲ့ဇနီးနဲ့ သမီးဖြစ်သူတို့ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို ဒီနေ့ထိ ဘာသတင်းမှ မသိရသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။ လွှတ်တော်အမတ် ဒေါက်တာဝင်းအောင်ကတော့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

‌ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၀ ယောက်ထဲမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ လက်ဖက်ရည်ဖျော်ဆရာ အပါအဝင် တခြား အမျိုးသားတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်အထိ စစ်ကောင်စီက နိုင်ငံတဝန်း လူပေါင်း ၁၆,၀၀၅ ဦးကို ဖမ်းဆီးထားပြီး သေဆုံးသူ ၃,၀၃၀ ရှိတယ်လို့ နိုင်ငံရေအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

1 month Ago

February 3, 2023

ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် အမတ်ဟောင်း ၄၇ ဦးကို ရုံးတင်စစ်ဆေးမည်

အဖျက်အမှောင့်ကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ လွှတ်တော်အမတ်ဟောင်း ၄၇ ဦးကို အနီးကပ်စောင့်ကြည့်နေတဲ့ အမျိုးသားလုံခြုံရေး ပြစ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုကို ဖေဖော်ဝါရီ ၆ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေး စွဲချက်အတွက် အပြစ်မရှိကြောင်း ဝန်ခံခဲ့တဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄၇ ဦးထဲက ၁၆ ဦးကို ၂၀၂၀ ခုနှစ်က တရားဝင်မဟုတ်တဲ့ ပဏာမရွေးကောက်ပွဲအတွက် ရက်ပေါင်း ၉၀ တရားခွင်စစ်ဆေးမှု လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

သူတို့ထဲမှာ တက်ကြွလှုပ်ရှားသူ ဂေါ်ဒွန် အန်းင်၊ ခရိုင်ကောင်စီဝင်ဟောင်း ကလဲရစ္စ် ယန်းင်နဲ့ လွှတ်တော်အမတ်ဟောင်း လျန်ကွမ်းဟောင် တို့လည်း ပါဝင်ပါတယ်။

ဥပဒေပညာရှင် ဘန်နီ တိုင်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ဂျော့ရွှာ ဝေါင်င်တို့ အပါအဝင် ကျန်တဲ့ ပူးတွဲတရားခံ ၃၁ ဦးဟာ အပြစ်ရှိကြောင်း ဝန်ခံထားပါတယ်။

အပြစ်မရှိကြောင်း ဝန်ခံချက် ပေးထားသူတွေကိုလည်း တရားရုံးက စီရင်ချက်ချပြီးနောက်မှာ သူတို့ကို အတူတကွ ပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်။

တရားခံအများစုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းမှာ ဖမ်းဆီးပြီးနောက် အချုပ်ထဲမှာ ၂ နှစ်နီးပါး ရမန်ယူ ထိန်းသိမ်းထားပါတယ်။ လက်ရှိမှာ တရားခံ ၁၃ ဦးကို အာမခံနဲ့ လွှတ်ပေးထားပါတယ်။

2 months Ago
Up