ဆီးရီးယားရေပြင်မှာ လှေနစ်မြုပ်ပြီး သေဆုံးသွားရတဲ့ လက်ဘနွန်က ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်လာတဲ့ ဆီးရီးယား လူနာတင်ယာဉ်တွေဟာ သောကြာညပိုင်းမှာ နယ်စပ်ဖြတ်ကျော်ပြီး လက်ဘနွန်နိုင်ငံကို ပို့ဆောင်နေပါတယ်။
ဒီသီတင်းပတ်မှာ လက်ဘနွန်ကနေ ထွက်ခွာလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့လှေ နစ်မြုပ်ပြီး သေဆုံးသွားသူအနည်းဆုံး ၇၆ ဦး ရှိသွားပြီဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်မှာလည်း ရှာဖွေရေး ဆက်လုပ်နေကြောင်း လက်ဘနွန် သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။
လှေပေါ်မှာ ကလေးငယ် ၄၅ ဦးလောက် လိုက်ပါလာခဲ့ပြီး ဘယ်သူမှ အသက်ရှင်ကျန်ရစ်ခြင်း မရှိကြောင်းလည်းဝန်ကြီးကပြောပေမဲ့ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အသက်ရှင်ကျန်သူ အယောက် ၂၀ ကို ဆီးရီးယားဆေးရုံတွေမှာ ကုသပေးနေပြီး အများစုမှာ လက်ဘနွန်မှာ ဒုက္ခသည်အဖြစ်နေထိုင်ကြတဲ့ ဆီးရီးယားနိုင်ငံသားတွေလို့ ပြောပါတယ်။
စီးပွားရေးဆုတ်ယုတ်မှု တိုးလာတာကြောင့် ဥရောပကိုသွားရောက်ဖို့ မျှော်လင့်ချက်နဲ့ မကြာခဏ လူပြည့်ကျပ်နေတဲ့ လှေတွေနဲ့ လက်ဘနွန်ကနေ ထွက်ခွာနေကြတာဖြစ်ပါတယ်။
မက္ကဆီကို ပင်လယ်ကွေ့က ဗေရာခရုဇ်ပြည်နယ်ထဲမှာ လှေတစီးနစ်မြုပ်ခဲ့မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အလောင်းတွေ ကမ်းခြေမှာ မေ ၂၃ ရက်ကစပြီး လာတင်နေခဲ့တယ်လို့ မေ ၂၄ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဗေရာခရုဇ် ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းပုတ်လို့ လှေငယ်တစီး နစ်မြုပ်အပြီး ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းနေထိုင်သူ ၃ ယောက်ရဲ့ အလောင်းတွေကို မက္ကဆီကို အာဏာပိုင်တွေက တွေ့ခဲ့တာပါ။
အသက် ၁၂ နှစ်အရွယ် ကလေးတယောက် အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၄ ယောက်ကိုတော့ အသက်ရှင်လျက် ပြန်တွေ့ခဲ့တယ်လို့ အာဂွါဒူလေ စည်ပင်သာယာရေးအဖွဲ့ မြို့ပြကာကွယ်ရေး ညွှန်ကြားရေးမှူး ဒေးဗစ် အဲ့စ်ပါဇာက ပြောပါတယ်။
ရှင်သန်ကျန်ရစ်သူတွေရဲ့ အပြောအရ ရွှေ့ပြောင်းနေထိုင်သူ ၄ ယောက် ပျောက်ဆုံးနေဆဲပါ။
ကယ်ဆယ်ခံ ရွှေ့ပြောင်းနေထိုင်သူတွေကို ကမ်းခြေဆီ ခေါ်လာပြီး ဆေးကုသပေးနေပါတယ်။ ပျောက်ဆုံးနေသူတွေကိုတော့ အာဏာပိုင်တွေက ဆက်လက်ရှာဖွေနေပါတယ်။