၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် အတိုက်အခံနိုင်ငံရေးအကျဉ်းသား လေးယောက်ကို သေဒဏ်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က စစ်အာဏာရှင်မင်းအောင်လှိုင်ကို ပြန်လည်သုံးသပ်ဖို့တိုက်တွန်းထားတဲ့ စာတစ်စောင်ပေးပို့လိုက်ပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့စာမှာတော့“အခုချိန်မှာ ကျွန်တော်တို့ရဲ့ဒေသဟာ အင်အားကြီးနိုင်ငံတွေအတွက် ဗျူဟာမြောက် ပထဝီဝင်အနေအထားအဖြစ် စိတ်ဝင်စားခြင်းခံနေရပြီး သူတို့ရဲ့ ယှဉ်ပြိုင်မှုဟာလည်းပိုပိုပြီး ပြင်းထန်လာနေတာကို သတိထားမိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုအခြေအနေတွေကြားမှာ အာဆီယံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ယုံကြည်စိတ်ချရမှုနဲ့ ပြည်သူအခြေပြုအုပ်ချုပ်ရေး သက်ရောက်မှုရှိတဲ့ ဒေသဖြစ်စေရေးတို့ကို အားလုံးက စိတ်ဝင်တစားအာရုံစိုက်လျက်ရှိနေကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း တစ်ကမ္ဘာလုံးက စောင့်ကြည့်လျက်ရှိနေပါတယ်။ အတိုက်အခံအကျဉ်းသားတွေကို သေဒဏ်ပေးခြင်းနဲ့ ကွပ်မျက်မယ့်အစီအစဉ်ရှိကြောင်း သတင်းတွေကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ အာဆီယံရဲ့မိတ်ဖက်နိုင်ငံတွေကပါ စိုးရိမ်နေရပါတယ်။ အကယ်၍သာ စီစဉ်ထားတဲ့အတိုင်း ကွပ်မျက်မယ့်အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ရှုတ်ချတုံ့ပြန်မှု အမြောက်အမြားကို ပြန်လည်ရရှိလာမှာဖြစ်တယ်လို့ ကျွန်တော်တို့ ကမ္ဘောဒီးယားက ယုံကြည်ပါတယ်။”လို့ ရေးသားဖော်ပြထားပါတယ်။
အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်အတိုင်း သက်ဆိုင်သူတွေအားလုံး တွေ့ဆုံညှိနှိုင်းပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုရစေမယ့် နည်းလမ်းကိုရှာဖွေကာ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေဖို့အတွက် အာဆီယံရဲ့ ဥက္ကဋ္ဌနေရာမှာတာဝန်ယူနေရတဲ့ ကမ္ဘောဒီးယားနဲ့အတူ အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေအပေါ်မှာ အကြီးအကျယ်ထိခိုက်စေတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာစေမယ်လို့လည်းဆိုပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရဲ့ နိုင်ငံတွင်းပြန်လည်သင့်မြတ်ရေးတို့ကို ရှေးရှုလျက် စစ်ကောင်စီ အနေနဲ့ အတိုက်အခံတွေအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ပြန်လည်သုံးသပ်ပြီး သေဒဏ်ပေးခြင်းနဲ့ ကွပ်မျက်ဖို့ စီစဉ်ထားတာကို ရှောင်ကြဉ်ဖို့ ဟွန်ဆန်က တိုက်တွန်းပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဝေဖန်ဆန္ဒပြမှုတွေရှိနေတဲ့ကြားက ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကနေပြည်တော်ကို သွားရောက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
Photo Credit- Cambodia PM
အာဆီယံရဲ့ အထူးသံတမန်ကို မြန်မာနိုင်ငံလာရောက်ခွင့်ပြုဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင်ကို မေတ္တာရပ်ခံ တိုက်တွန်းခဲ့တယ်လို့ ကမ္ဘောဒီးယားအစိုးရအရာရှိတစ်ဦးက ပြောတဲ့အကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
မစ္စတာ ဟွန်ဆန်ဟာအာဆီယံဥက္ကဋ္ဌအဖြစ် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဇန်နဝါရီ ၂၇ ရက်က Video Conferencing နဲ့တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံ ပဋိပက္ခကို ဖြေရှင်းရေးအတွက် သဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ တောင်းဆိုခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် မစ္စတာ ကောက်ကင်ဟောန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မနှစ်က ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေ ဂျာကာတာမှာ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူညီခဲ့တဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီမှုမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်ကို အာမခံရေးနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကို ပံ့ပိုးပေးဖို့ စတာတွေ ကတိပြုထားတာပါ။
အာဆီယံအထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံကို သိပ်မကြာခင်မှာ ပထမဆုံးအကြိမ် လာရောက်နိုင်ဖို့ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ဝန်ကြီးချုပ်ဟွန်ဆန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တောင်းဆိုခဲ့တယ်လို့ မစ္စတာ ကောက်ကင်ဟောန်က ပြောပါတယ်။
ဟွန်ဆန်ဟာ အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ မြန်မာအာဏာသိမ်းအုပ်စု အပါအဝင် ဘက်ပေါင်းစုံကို မေတ္တာရပ်ခံခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံရှိ အလိုအပ်ဆုံးသော သူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာ အာဆီယံနိုင်ငံတွေကိုလည်း သူနဲ့လာပူးပေါင်းပေးဖို့ ဖိတ်ခေါ်ခဲ့ကြောင်း မစ္စတာ ကောက်ကင်ဟောန် က ပြောကြားခဲ့ပါတယ်။
ဒီအဆိုပြုချက်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လို တုံ့ပြန်ခဲ့လဲ ဆိုတာကိုတော့ မစ္စတာ ကောက်ကင်ဟောန် က မပြောခဲ့ပါဘူး။ ဗုဒ္ဓဟူးနေ့ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး မှတ်ချက်တောင်းခံတဲ့ ဖုန်းခေါ်ဆိုမှုကိုလည်း မြန်မာစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက မဖြေကြားခဲ့ပါဘူး။
ဇန်နဝါရီ ၇ ရက်က ကမ္ဘောဒီးယားခေါင်းဆောင်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတချို့ကတော့ ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ စစ်အုပ်စုကို အသိအမှတ်ပြု ထောက်ခံမှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်မှာကို စိုးရိမ်ခဲ့ကြပါတယ်။
ဟွန်ဆန်ဟာ သူတို့တွေ့ဆုံမှု စကတည်းက ရန်လိုမှုတွေ ပေါ်လာခဲ့ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ မစ္စတာ ကောက်ကင်ဟောန်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ သဘောတူညီချက်အတိုင်း ဆောင်ရွက်စေဖို့ အာဆီယံဥက္ကဋ္ဌ မစ္စတာဟွန်ဆန်လည်း ဖိအားပေးခံနေရတယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ အာဆီယံနိုင်ငံတွေအကြား အပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဆောင်ရွက်ဖို့လိုတဲ့ အခြေအနေ၊ မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ့် အခြေအနေ၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ စေလွှတ်သွားမည့်အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ၊ ပြည်တွင်း အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးအခြေအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် လာရောက်ရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီ သတင်းမှာ ဖော်ပြပါတယ်။